top of page

Circular Economyမှ R-မဟာဗျူဟာများ

Author: SMEHub Asia

August 9, 2024

ယခုခေတ်မှာဆိုရင်တော့ စက်ပစ္စည်းတိုင်း၊ ကုန်ပစ္စည်းတိုင်း၊ သို့မဟုတ် လုပ်ငန်းစဥ်တိုင်းမှာ ကာဗွန်ထုတ်လွှတ်မှုများကို ဖြစ်စေသော အစိတ်အပိုင်းပေါင်းများစွာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် ထိုအစိတ်အပိုင်းများဟာ စွန့်ပစ်မယ့်အစား အခြားအသုံးဝင်မယ့်ပုံစ့များစွာ ရှာဖွေလို့ရပါတယ်။ Circular Economic Model က ညွှန်ပြတာသည် ကျွန်ုပ်တို့ ထုတ်လုပ်နေတဲ့ သို့မဟုတ် တည်ဆောက်နေတဲ့ မည်သည့်အရာအားလုံးကိုမဆို လျော့ချနိုင်တယ်ဆိုပြီး ဖြစ်ပါတယ်။


စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် စွန့်ပစ်ပစ္စည်းများကို လျော့ချပြီး အရင်းအမြစ်များကို efficient ဖြစ်အောင်လုပ်ကြရမှာဖြစ်ပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ဝင်ငွေရပေါက်များလည်းတိုးပွားလာနိုင်သလို အရင်းအမြစ်အသုံးချမှုလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။


ယခုလက်ရှိ ကမ္ဘာကြီးဟာ တူးဖော်မယ်၊ ထုတ်လုပ်မယ်၊ သုံးစွဲမယ်၊ စွန့်ပစ်မယ် ဆိုတဲ့ Linear Economy ဖြစ်နေတာဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ လူသားတွေကြောင့် အမှိုက်ပုံဖြစ်လို့နေပါပြီ။ စက်မှုလုပ်ငန်းတွေက စွန့်ပစ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ စတီးလ်၊ ပလတ်စတစ်၊ အလူမီနီယံ နဲ့ ဘိလတ်မြေတွေကြောင့် ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်နှုန်းရဲ့ ၄ ပုံ ၁ ပုံကို နေရာယူထားတာဖြစ်ပါတယ်။ တစ်နှစ်ကို ၁ ဘီလီယံသော အဝတ်အစားများဟာလည်း ကမ္ဘာ့ရေညစ်ညမ်းမှု ရဲ့ ၂၀ ရာခိုင်နှုန်းကို နေရာယူထားပါတယ်။​


အမှန်တကယ်က အဲ့လိုဖြစ်စရာမလိုပါဘူး။​ ဒီဆောင်းပါးကနေ စာဖတ်သူတွေကို အကြောင်းကြားလိုတာကတော့ R-မဟာဗျူဟာများကို အသုံးပြုပြီး မိမိလုပ်ငန်းကို အဆင့်မြှင့်တင်လို့ရပါတယ်။ ဒီနေရာမှာ စာရေးသူပြောလိုတာက “သဘာဝပတ်ဝန်းကျင်ကို လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားစရာမလိုပါဘူး။ ဒါပေမယ့် ဒီ R-မဟာဗျူဟာတွေကို အသုံးချခြင်းအားဖြင့် မိမိ လုပ်ငန်းမှာ ငွေဝင်ပေါက်များတိုးလာနိုင်သလို မထင်မှတ်ထားတဲ့ တန်ဖိုးအသစ်များလည်း မိမိ လုပ်ငန်းက ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အကုန် Win-Win Situation ဖြစ်ပါတယ်။”





R-မဟာဗျူဟာတွေကို ကြည့်ရင် အဓိကအားဖြင့် အပိုင်း ၃ ပိုင်းဖြင့် ရှုမြင်နိုင်ပါတယ်။ 


  • Short Loops

  • Medium Loops

  • Long Loops


Short Loops: ပိုမို ပညာသားပါသော ပစ္စည်းများအသုံးပြုခြင်းနှင့် ထုတ်လုပ်ခြင်း။


ဒီမဟာဗျူဟာတွေကတော့ ထိရောက်မှု အမြင့်မားဆုံး မဟာဗျူဟာတွေဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လုပ်ဆောင်ရ အခက်ဆုံးလည်းဖြစ်ပါတယ်။ ဒီမဟာဗျူဟာတွေဟာ ကုန်ပစ္စည်းတစ်ခုကို ဒီဇိုင်းလုပ်တဲ့အဆင့်၊ ထုတ်လုပ်တဲ့အဆင့်မှာ အသုံးများပါတယ်။ Sustainable အဖြစ်ဆုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒီဗျူဟာတွေထဲမှာ


  • Refuse - ငြင်းဆန်ခြင်း။

  • Rethink - ပြန်လည်စဥ်းစားသုံးသပ်ခြင်း။

  • Reduce - လျော့ချသုံးစွဲခြင်း။


ငြင်းဆန်ခြင်း - Refuse

ဒီမဟာဗျူဟာကတော့ ကုန်ပစ္စည်းဒီဇိုင်းစတင် စဥ်းစားကတည်းကိုက ကမ္ဘာကြီးကို ဒုက္ခပေးမယ့် ကုန်ကြမ်းတွေကို တမင်တကာ ရှောင်ပြီး ဒီဇိုင်းလုပ်တာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေတဲ့ မဟာဗျူဟာလည်းဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းရှင်ကိုယ်တိုင် Circular Economy ရင်ထဲ အသည်းထဲက ယုံကြည်မှ လုပ်ဆောင်လို့ရမှာဖြစ်ပါတယ်။


ဥပမာ ပေးရရင် Broadbit ဆိုတဲ့ EVတွေ၊ သယ်ယူရလွယ်ကူတဲ့ အီလက်ထရော်နစ်တွေစတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒီ Broadbit ကတော့ Metallic Sodium နှင့် အခြားသော အလွယ်တကူရရှိနိုင်တဲ့ ကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ကျစရိတ်သက်သာသော၊​ ပိုမိုအားသွင်းရကောင်းသော ဘက်ထရီများကို ထုတ်လုပ်နေပါတယ်။ ၎င်းအသုံးပြုတဲ့ ကုန်ကြမ်းတွေထဲကအမျိုးအစားတစ်ခုကတော့ Sodium Chloride (NaCI) ဖြစ်ပါတယ်။ ရိုးရိုးအိမ်သုံးဆားကို အသုံးပြုထားတာဖြစ်ပါတယ်။ ကုန်ပစ္စည်းကို ဒီဇိုင်းလုပ်တဲ့ အဆင့်မှာကတည်းကိုက ဘယ်ပစ္စည်းတွေဆိုရင်တော့ မသုံးပဲ အခြားနည်းလမ်းရှာလုပ်မယ်ဆိုတဲ့ Fundamental ကျတဲ့ တွေးခေါ်မှုနဲ့ ဒီမဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ပါတယ်။


ပြန်လည်စဥ်းစားသုံးသပ်ခြင်း - Rethink

နောက်တစ်ခုကတော့ မိမိ လုပ်ငန်းရဲ့ လည်ပတ်ပုံ၊ မိမိ လုပ်ငန်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို အသုံးပြုပုံ၊ ဒါတွေကို ပြန်လည်စဥ်းစားသုံးသပ်နိုင်တယ်။ ဥပမာဆိုရင် အဝတ်အထည်တွေငှားရမ်းတာတို့၊ ဘက်ထရီလဲလှယ်အသုံးပြုနိုင်တာတို့၊ ပြန်လည်အသုံးပြုလို့ရတဲ့ ကော်ဖီခွက်တွေသုံးတာတို့ စသည်ဖြင့်)


Grover ဆိုတဲ့ ကုမ္ပဏီဟာဆိုရင် နည်းပညာပစ္စည်းများကို ငှားရမ်းပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ စမတ်ဖုန်းတွေ၊ လက်ပ်တော့ပ်တွေ၊ VR ပစ္စည်းတွေ စသည်ဖြင့်တွေကို ငှားရမ်းပေးပါတယ်။ ငှားပြီးပြန်အပ်တဲ့အခါ၊ ပြန်လည်မွမ်းမံပြီး ထပ်မံငှားရမ်းပါတယ်။​ ဒီလိုလုပ်ခြင်းက ပစ္စည်းတွေကို ပိုမိုပညာသားပါပါ အသုံးချနေတာဖြစ်ပြီး ကုန်ပစ္စည်းတစ်ခုရဲ့ သက်တမ်းကိုလည်း ဆွဲဆန့်ပေးလိုက်တဲ့ သဘောပါပဲ။


လျော့ချသုံးစွဲခြင်း - Reduce

ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ကို ဥပါတ်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဘယ်လို အတတ်နိုင်ဆုံးလျော့ချလို့ရမလဲ? ပိုပြီး efficient ဖြစ်အောင်သုံးစွဲလို့ရမလဲ? ဥပမာ မိမိ စက်ရုံမှာ သာမာန်မီးချောင်းထက် LED များကိုပဲ အသုံးပြုမယ်၊ IoT sensors များတက်ထားပြီး လူမရှိရင် မီးအလိုအလျောက်ပိတ်အောင် ပြုလုပ်ထားမယ်၊​ မိမိကုန်ပစ္စည်းတွေကို အတတ်နိုင်ဆုံး ဇီဝအခြေခံ ကုန်ကြမ်းတွေပဲ သုံးမယ်၊ စသဖြင့်။


Pure Waste ဆိုတဲ့ အဝတ်အစားထုတ်တဲ့ လုပ်ငန်းဆိုရင် ၁၀၀ ရာခိုင်နှုန်း recycle လုပ်ထားတဲ့ ဖိုင်ဘာများကိုသာ အသုံးပြုပြီး အဝတ်အစားထုတ်လုပ်ပါတယ်။ ၆၀ ရာခိုင်နှုန်းကိုတော့ recycle လုပ်ထားတဲ့ ကော်တွန်ကို သုံးပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကိုတော့ ပလတ်စတစ်ဗူးခွံတွေကနေ recycle လုပ်ထားတဲ့ ပိုလီယက်စတာကို အသုံးပြုပါတယ်။ စိတ်ဝင်စားစရာကောင်းတယ် ဟုတ်?


Medium Loops: ကုန်ပစ္စည်း နဲ့ ၎င်း၏ အစိတ်အပိုင်းတွေရဲ့ သက်တမ်းကို ဆွဲဆန့်ခြင်း။


ဒီအပိုင်းမှာကတော့ လုပ်စရာ မဟာဗျူဟာတွေက နည်းနည်းပိုများလာပါပြီ။


ပြန်လည်သုံးစွဲခြင်း - Reuse

ကုန်ပစ္စည်းတစ်ခုကို ရည်ရွယ်ထားတဲ့အသုံးပြုမှုအတိုင်း ဒုတိယပိုင်ဆိုင်သူက ထပ်မံအသုံးပြုခြင်းကို “ပြန်လည်သုံးစွဲခြင်း” လို့ ဆိုနိုင်ပါတယ်။ r.Cup ဆိုတဲ့လုပ်ငန်းကတော့ အားကစားပွဲတွေမှာ စွန့်ပစ်ထားတဲ့ ခွက်များကို သိမ်းဆည်းပြီး ဆေးကြော၊ သန့်စင်၊ အပြစ်အနာအဆာစစ်ဆေး၊ ပါကင်ပြန်ပိတ်ပြီး ခွက်တွေကို နောက်တစ်ခါ အသုံးပြုလို့ရအောင် ရောင်းချပေးပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးပုံစံတစ်ခုပါပဲ။


ပြုပြင်သုံးစွဲခြင်း - Repair

US မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အရွေ့များစွာဖြစ်သွားခဲ့ပြီး​ Right to Repair ဥပဒေများ ထွက်လာခဲ့ပါတယ်။ Closed system ကို အင်မတန် နှစ်သက်ပါတယ်ဆိုတဲ့ Apple.Inc လည်း Right to Repair movement ကြောင့် ၎င်းရဲ့ ထုတ်ကုန်များကို အလွယ်တကူ ပြုပြင်လို့ရအောင် တဖြေးဖြေးပြောင်းလာနေရပါပြီ။

ကိုယ်တွေ မြန်မာနိုင်ငံကတော့ ဆင်းရဲပြီးသားနိုင်ငံဖြစ်လေတော့ ပြုပြင်သုံးစွဲခြင်းကတော့ ပြဿနာတစ်ခုအနေနဲ့ ကြီးမားစွာမမြင်နေရပေမယ့် ကမ္ဘာ့စက်ရုံကြီး၊ တရုတ်ရဲ့ ဘေးမှာနေရတာဖြစ််လေတော့ ကိုယ်တွေချမ်းသာလာရင် သတိထားရမယ့် ကိစ္စဖြစ်ပါတယ်။ ယခုအခါမှာတောင် ပြုပြင်သုံးစွဲကြတဲ့သူများဟာ Baby Boomer ခေတ်မှာတင် တဖြေးဖြေးအဆုံးသတ်လာနေပါပြီ။


ပြန်လည်မွမ်းမံသုံးစွဲခြင်း - Refurbish

ပြန်လည်မွမ်းမံသုံးစွဲခြင်းဆိုတာကတော့ ဟောင်းနွမ်းသွားတဲ့ ကုန်ပစ္စည်းများကို အစိတ်အပိုင်းအချို့ပြုပြင်မွမ်းမံပြီး ပြန်လည်သုံးစွဲတာကို ဆိုလိုပါတယ်။ ဥပမာ Desktop ကွန်ပျူတာ အရင်က ဝယ်ဖူးထားတယ်ဆိုရင် အထဲက အချို့အစိတ်အပိုင်းတွေ ပြောင်းလဲ မွမ်းမံသုံးစွဲပြီး အပြင်က အခွံကို အသစ်မပြောင်းပဲထားတာမျိုး လုပ်နိုင်ပါတယ်။ ကမ္ဘာပေါ်က အဝတ်အစား လုပ်ငန်းများနဲ့ အီလတ်ထရောနစ် လုပ်ငန်းများ အများစုလည်း ဒီ မဟာဗျူဟာကို သုံးပြီး ပြောင်းလဲ နေကြပါတယ်။


ပြန်လည်ထုတ်လုပ်ခြင်း​ - Remanufacture

ပြန်လည်ထုတ်လုပ်ခြင်းကတော့ အကောင်းအတိုင်းအသုံးပြုလို့ရနေသေးတဲ့ ကုန်ပစ္စည်းများကို ပြန်လည်စုပေါင်းပြီး ကုန်ပစ္စည်းတစ်ခုကို ပြန်လည်ထုတ်လုပ်တာကို ဆိုလိုပါတယ်။ ZF ဆိုတဲ့ ကားပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းကတော့ အသုံးပြုပြီးသား အစိတ်အပိုင်းများကို ပြန်လည် ယူပြီး ပြန်လည်ထုတ်လုပ်ကာ ရောင်းချပါတယ်။ မြန်မာနိုင်ငံအနေဖြင့်ဆိုလျှင် အမျိုးသမီးများ၏ မြန်မာဝတ်စုံအဟောင်းများကို အသွင်ဆန်းကာ ခေတ်ပေါ် အဝတ်အစားအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ပါတယ််။ သိပ်ပြီး Innovative မဖြစ်တဲ့ ဦးနှောက်နဲ့ စဥ်းစားကြည့်တာပါ။ သင်သာဆို ဒီထက်ပိုကောင်းတာ စဥ်းစားနိုင်တယ်လို့ စာရေးသူ ယုံကြည်ပါတယ်။


ရည်ရွယ်ချက်အသစ်တပ်ပေးခြင်း - Repurpose

Repurpose ဆိုတာကတော့ လွှတ်ပစ်ရမယ့်အစိတ်အပိုင်းများကို အခြား ဘာမျှမဆိုင်တဲ့ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ခြင်း သို့မဟုတ် သုံးစွဲမှု ရည်ရွယ်ချက်အသစ်တစ်ခုတပ်ပေးခြင်း ပြုလုပ်တာကို ဆိုလိုပါတယ်။


Tracegrow Oy ဆိုရင် Alkaline အသုံးပြုသည့် ဘက်ထရီများမှ အော်ဂဲနစ်မြေသြဇာ ထုတ်လုပ်ပါတယ်။ ဘက်ထရီနဲ့ မြေသြဇာနဲ့ ဘာမှ မသက်ဆိုင်သလို အသုံးပြုမှု ရည်ရွယ်ချက်လည်း မတူပါဘူး။​ Innovative ဖြစ်တယ် နော်?


Long Loops: Creative ဖြစ်ဖြစ် ကုန်ကြမ်းများကို အသုံးချခြင်း။


ဒီ မဟာဗျူဟာ ၂ ခုကတော့ တွင်တွင်ကျယ်ကျယ်လုပ်လေ့ ရှိကြပါတယ်။ လွယ်တယ်၊ စျေးကွက်ကြီးတယ်၊ အဲ့အချက်တွေကြောင့်လက်ရှိမှာတော့ လုပ်ငန်းတော်တော်များများ သွားနိုင်တဲ့နေရာဖြစ်ပါတယ်။ သို့သော် ထိရောက်မှုကတော့ အနိမ့်ဆုံးဖြစ်ပါတယ်။


Recycle ပြုလုပ်ခြင်

Recycling ကို မသိကြတဲ့ စာဖတ်သူများပါရင်တော့ အကြမ်းဖျင်းရှင်းပြပါရစေ။​ Recycle ပြုလုပ်သည်ဆိုသည်မှာ အသုံးပြု၍ရသော ကုန်ကြမ်းများ၊​ ကုန်ကြမ်းအသစ်များကို လုံးဝတန်ဖိုးမရှိတော့သည့် စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ Upcycling ဆိုတာကတော့ ပိုမိုအရည်အသွေးမြင့်မားတဲ့ ကုန်ကြမ်းကို စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ ငါးပိုက်ကွန်ရဲ့ Polyamide ကို recycle လုပ်ပြီး Econyl ဆိုတဲ့ အရည်အသွေးမြင့် ပစ္စည်းကို ထုတ်လုပ်ပါတယ်။ Downcycling ကတော့ သစ်သားအကျိုးအပဲ့များကို Tissue ထုတ်လုပ်သည့်အခါ အသုံးပြုသည့် ကုန်ကြမ်းအဖြစ် ထုတ်လုပ်တာမျိုးကို ဆိုလိုပါတယ်။


Recycling ကို တွင်တွင်ကျယ်ကျယ် မြင်တွေ့ရပေမယ့် Recycling Process မှာ အရင်းအမြစ်တွေကတော့ ထပ်မံသုံးစွဲနေကြရပါတယ်။ Short Loop တွေနဲ့ Medium Loop များကို များများ စဥ်းစားဖို့ လိုအပ်ပါတယ်။


ပြန်လည်ရယူခြင်း - Recovery 

ဒီမဟာဗျူဟာကတော့ Organic Waste ကနေ Biogas ထုတ်ခြင်းက Recovery အမျိုးအစားတစ်ခုပါပဲ။​ ဒါကိုတော့ မြန်မာနိုင်ငံမှာလည်း မြင်တွေ့ပြီးသားဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေမှာ တွေ့ရတာကတော့ Tequila ထုတ်လုပ်ခြင်းမှ ထွက်တဲ့ byproduct ကိုသုံးပြီး biogas ထုတ်လုပ်ပြီး Distillery မှာ ပြန်သုံးပါတယ်။ သဘာဝစွန့်ပစ်ပစ္စည်းတွေကနေ တန်ဖိုးတစ်ခုရအောင် ပြုလုပ်တယ်လို့ဆိုရင်လည်း မှန်ပါတယ်။


ကဲ အခုဆိုရင်တော့ Circular Economy မှာ မိမိ လုပ်ငန်း ဘယ်လို relevant ဖြစ်နိုင်မလဲဆိုတာ ခေါင်းထဲမှာ ပေါ်လာမယ် ထင်ပါတယ်။​ SME Hub Asia အနေနဲ့လည်း သင့်လုပ်ငန်းကို Innovation မှ တစ်ဆင့် အသွင်ပြောင်းလဲပေးဖို့ ကူညီရန် အဆင်သင့်ရှိနေပါတယ်။ သင့်လုပ်ငန်းရဲ့ Innovation Strategy မှာ Circular Economic Strategy အသုံးပြုဖို့အတွက် စဥ်းစားနေတယ်ဆိုရင် SME Hub Asia နဲ့ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။ SME Hub Asia သည် အကျိုးမယူ အဖွဲ့အစည်းဖြစ်သည့်အတွက် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက်ဖက်ရည်တိုက်ရင် ကျေနပ်ပါပြီ :)

bottom of page