top of page



Digitisation၊ Digitalisation နှင့် Digital Transformation: ဘယ်ကစပြီး ဘာလုပ်ရမလဲ ????

Digital Transformation ဆိုသည့် စကားလုံး၏ အနှစ်သာရသည် အသုံးပြုသည့် (သို့) ဆောင်ရွက်သည့် လုပ်ငန်းစဥ်အပေါ်မူတည်၍ အင်မတန်မှ ကျယ်ပြန့်သည့် topic တစ်ခု ဖြစ်ပါသည်။ သို့သော် Digital Transformation သည် Rocket Science မဟုတ်ပါ။ လုပ်ငန်းအား ကဏ္ဍအသီးသီး အလွှာအသီးသီးတွင် ဦးဆောင်နေသော ခေါင်းဆောင်များအနေဖြင့် အခြေခံကျကျ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို နားလည်သဘောပေါက်ပြီး ရှင်းရှင်းလင်းလင်း မြင်တတ်ပါက ရေရှည်အတွက် အင်မတန်အကျိုးရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ စာရေးသူအနေဖြင့် ဤနေရာတွင် “လုပ်ငန်းအား ကဏ္ဍအသီးသီး အလွှာအသီးသီးတွင် ဦးဆောင်နေသော ခေါင်းဆောင်များ” ဟု ရှေ့စာကြောင်းတွင် သုံးနှုန်းခဲ့သည်။ ထိုသို့သုံးနှုန်းရခြင်းမှာ Digital Transformation အား ဖော်ဆောင်ရာတွင် လုပ်ငန်း၏ CEO သို့မဟုတ် Managing Director သို့မဟုတ် Business Owner တစ်ဦးတည်းသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်တစ်ခုမဟုတ်သောကြောင့် ဖြစ်သည်။ Digital Transformation သည် ရှည်လျားသော ခရီးစဥ်တစ်ခုဖြစ်ပြီး မဟာဗျူဟာကျကျ team တစ်ခုလုံး ရွေ့လျားရမည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ “Digital Transformation ဆိုတာ ဘာလဲ?” ဆောင်းပါးတွင်လည်း အသေးစိတ်သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသေးသည်။ ပြန်ဆက်ရလျှင်၊ Digital Transformation ခရီးစဥ်အား လျှောက်လှမ်းရာတွင် သင် လုပ်ငန်းရှင်တစ်ဦးတည်းမှ ဗျူရိုကရက်တစ်ဆန်ဆန် ခရီးဆန့်လျှင် အတွင်းတွင်တွန်းလှန်ခံရခြင်း(resistance) သို့မဟုတ် ထိတွေ့ပွတ်တိုက်မှုများ(fraction) များလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် Digital Transformation သည် ခရီးစဥ်တစ်ခု ဖြစ်သည့်အလျောက် ထို ခရီးစဥ်တွင် ပါဝင်မည့် Stakeholders အားလုံးကိုလည်း သင့်အနေဖြင့် စည်းရုံးရေးဆင်းရမည်၊ ပညာပေးရမည်၊ လှုံ့ဆော်ရေးလုပ်ဆောင်ရမည်။ 


မှတ်ချက်။  ။ Digital Transformation ကို DT ဟု အတို​ကောက် သုံးနှုန်းသွားမည်ဖြစ်သည်။


“Digital Transformation to Innovation လား?၊  Innovation to Digital Transformation လား?”

ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း DT ခရီးစဥ်သည် “လူ” မှ လုပ်ဆောင်ရမှာဖြစ်ပါသည်။ “လူ” ဟု သုံးနှုန်းရာတွင် သင့် လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသည့် လူများ အားလုံးပါဝင်သည်၊ သင့် ဖောက်သည်များ၊ သင့် ဝန်ထမ်းများမှ အစ Supplier အဆုံးဖြစ်သည်။ ဥပမာ သင့် အနေဖြင့် Accounting ဆော့ဖ်ဝဲလ်တစ်ခုကို စတင်အသုံးပြုသည်ပဲဆိုပါစို့။ သင် ပုံမှန် Excel သို့မဟုတ် ဘောက်ချာစာရွက်ဖြင့် အလုပ်လုပ်လျက်ရှိနေတဲ့ Supplier အနေဖြင့် ပြောင်းလဲလိုက်သော အပြောင်းအလဲပေါ်တွင် ၎င်း အနေဖြင့် တစ်စုံတစ်ရာကြောင့် အနည်းငယ် အဆင်မပြေဖြစ်နိုင်သည်။ ထိုအခါ ၎င်း supplier အနေဖြင့် သင်၏ Accounting ဆော့ဖ်ဝဲလ် အသုံးပြုမှု အပေါ်တွင် သံသယဝင်နိုင်သည် သို့မဟုတ် ပိုဆိုးသည်မှာ သင့်အား ဘောက်ချာစာရွက်သာ ပြန်သုံးရန် တောင်းဆိုသည်မျိုး ကြုံရနိုင်သည်။ ဤနေရာတွင် သင်၏ soft influence သည်လည်း အရေးကြီးသလို၊ သင့်အနေဖြင့် DT ၏ အကျိုးကျေးဇူးများကို အမှန်တကယ်နားလည်ထားလျှင် ၎င်း supplier အား အသိပညာများလည်း ဝေမျှနိုင်သေးသည်။ ယခု အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်ကို “ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ???” တွင် သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။


အထက်တွင်‌ ရေးသားဖော်ပြထာသော ဆောင်းပါးအပိုင်းသည် ရှေ့ဆက်၍ မသွားခင်တွင် သင့်အနေဖြင့် “လူ” သည် Digital Transformation အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အနည်းငယ်နားလည်သဘောပေါက်စေရန် ဖော်ပြထားခြင်းဖြစ်သည်။ ဤဆောင်းပါး၏ အဓိက အကြောင်းအရာဖြစ်သည့် “ Digitise၊ Digitalise နှင့် Digital Transformation: ဘယ်ကစပြီး ဘာလုပ်ရမလဲ???” ဆောင်းပါးအပိုင်းအား အသေးစိတ် ရှင်းပြသွားမည်ဖြစ်သည်။


အဲဒီတော့ သင် မေးနိုင်သည် – “ဟုတ်ပါပြီ။ ငါ့လုပ်ငန်းကို  Digital Transformation လုပ်ချင်တယ်၊ ဘယ်က စလုပ်ရမလဲ???”


စာရေးသူအနေဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် နာရီပေါင်းများစွာ Digital Transformation နှင့် ပတ်သတ်၍ ဆွေးနွေးဖူးသည်။ တွေ့ဆုံဆွေးနွေးဖူးသူများအားလုံးနီးပါးတွင် တွေ့ရှိရသော ပြဿနာများသည် အတော်များများ ဆင်တူလေ့ရှိကြသည်။ ထိုပြဿနာများထဲမှ တစ်ခုမှာ ဘယ်ကစလို့စရမှန်းမသိဖြစ်ပြီး စတင်လိုက်မိသော DT လုပ်ငန်းစဥ်မှာလည်း ခရီးမတွင်ပဲ အပျက်ပျက် နှာခေါင်းသွေးထွက်လျက် နေရာဟောင်းကိုသာ ပြန်ဦးတည်လိုက်ရသည်။ ပိုဆိုးသည်မှာ ဆန်လုပ်ငန်းရှင်တစ်ဦးဆိုလျှင် Excel ရော Accounting ဆော့ဝဲလ် နှစ်ခုစလုံးတွဲ၍ လုပ်နေရသည်။ ထိုကဲ့သို့ လုပ်ရသည့်အတွက် စာရင်းနှစ်ခုအား ပြန်စစ်ရသည့် လုပ်ငန်းရှင်လည်း အဆင်မပြေသလို စာရင်း နှစ်ခုကို ပြုစုရသည့် ဝန်ထမ်းအတွက်လည်း အဆင်မပြေပါ။ ဤနေရာတွင် တစ်ခု မှတ်သားထားရမည်မှာ ထိုကဲ့သို့ လုပ်ငန်းစဥ်မအောင်မြင်ရသည်မှာ ၎င်းအကြောင်းအရာတစ်ခုတည်းကြောင့်သာ မဟုတ်သည်ကို နားလည်သဘောပေါက်စေချင်ပါသည်။


DT ခရီးစဥ်အတွက် အမျိုးမျိုးသော ပညာရှင်များမှ အမျိုးမျိုးသော အကြံဉာဏ်များ ပေး‌လေ့ရှိသည်။ ကိုဂူဂဲလ်ကို သွားမေးကြည့်လျှင် မဆုံးနိုင်သော အကြံပြုချက်များကို နှစ်ပေါက်ထိုင်ဖတ်၍ လေ့လာလျှင်တောင်ဆုံးနိုင်မည်မဟုတ်ပါ။ သို့သော် ၎င်းအကြံပြုချက်များ၊ အကြံဉာဏ်များသည် အသုံးမဝင်ဟု စာရေးသူမဆိုလိုပါ။ လုပ်ငန်းတစ်ခုနှင့် တစ်ခု လိုအပ်သည့် ပုံစံများမတူကြခြင်းကြောင့် ပုံစံခွက်တစ်ခုတည်း အားလုံးကို သိမ်းကြုံးထည့်၍မရနိုင်သည်ကိုသာ စာရေးသူမှ မီးမောင်းထိုးပြလိုသည်။  စာရေးသူ ဤနေရာတွင် ဖော်ပြမည့် အကြံပြုချက်များသည် တစ်သွေမသိမ်းလိုက်နာလုပ်ဆောင်ရမည့် လမ်းညွှန်ချက်များမဟုတ်ပဲ စာဖတ်သူတို့အား ဤနေရာမှ တစ်ဆင့် ဆင့်ကဲစဥ်းစားသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့်သာ ရေးသားအကြံပြုထားခြင်းဖြစ်သည်။


Digital Transformation ဆိုသည့် လုပ်ငန်းစဥ်သည် Ending Point မရှိပါ။ ဆိုလိုရင်းကို “Digital Transformation to Innovation လား?၊  Innovation to Digital Transformation လား?” ဆောင်းပါး၏ “Digital Transformation vs Digital Innovation” အပိုင်းတွင် အသေးစိတ် သွားရောက် လေ့လာပါ။ ဒီဂျစ်တယ်နည်းပညာများသည် တစ်နေ့ထက်တစ်နေ့၊ တစ်နာရီထက်တစ်နာရီ တိုးတက်ပြောင်းလဲနေပြီး အသစ်သစ်သော နည်းပညာများလည်း လိုက်၍ မမှီနိုင်လောက်အောင်ပင် ထွက်ရှိလာမှုမှာ မြန်ဆန်၍ အရှိန်အဟုန်ပြင်းထန်လှသည်။ ထို့ကြောင့် Digital Transformation သည် Infinite game ဖြစ်သည်။ သို့သော် သင့်လုပ်ငန်းအနေဖြင့် Digital Transformation ဆိုသည့် အဆင့်အနေအထားတစ်ခုအထိ ရောက်ရန် သင့်လုပ်ငန်းအား ပြင်ဆင်ပေးရမည့် အဆင့်များရှိသည်။ ၎င်းတို့မှာ ၁။ Digitisation ၂။ Digitalisation ၃။ Digital Transformation တို့ ဖြစ်ကြသည်။ ၎င်းတို့အား သီးခြား လုပ်ငန်းစဥ်များအနေဖြင့် မမြင်ပဲ Pipeline တစ်ခုအနေဖြင့် မြင်ကြည့်လျှင် ပို၍ အဓိပ္ပာယ်ရှိပြီး ထင်သာမြင်သာဖြစ်စေသည်။ ဆိုလိုရင်းအသေးစိတ်ကို ဆောင်းပါး၏ ကျန်ရှိသော အပိုင်းအား ဖတ်ရင်း သင်ပိုမိုနားလည်သဘောပေါက်လာလိမ့်မည်ဟု ယူဆ ယုံကြည်ပါသည်။


Digitisation နှင့် Digitalisation: ကွဲပြားခြားနားချက်များက ဘာလဲ?

Digitisation နှင့် Digitalisation သည် စာလုံး နှစ်လုံးသာ ကွဲပြားသော်လည်း အဓိပ္ပာယ်များ နှင့် လုပ်ဆောင်ချက်များ၊ သက်ရောက်မှုများ မတူကြပါ။ သို့သော် အသုံးပြုသည့် နောက်ခံအကြောင်းအရာပေါ်မူတည်၍ အမျိုးမျိုးသုံးနှုန်းလျှက်ရှိကြသည်။ စာရေးသူအနေဖြင့် ၎င်း အမျိုးမျိုးဖွင့်ဆိုနေကြသော အဓိပ္ပာယ်များထက် ထို နှစ်ခု၏ ကွဲပြားပုံကို ဥပမာပေး၍ ရှင်းပြလိုသည်။ မြန်မာနိုင်ငံတွင် အစိုးရအဆင့် Digital Transformation အောင်မြင်မှုများထဲမှ တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာန(DICA) မှ ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှု ဖြစ်သည်။ ၎င်း အောင်မြင်မှုကို ကြည့်လျှင် Digital Transformation ၏ အခန်းကဏ္ဍကို ပို၍ ထင်ရှားစေသည်။ အကျိုးသက်ရောက်မှုဟာလည်း အင်မတန်မှ အားရစရာကောင်းလှသည်။ စာရေးသူအနေဖြင့် ထိုလုပ်ငန်းစဥ်အား ဘေးမှ ကြည့်ရှုလေ့လာသူဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကိုမူ မသိရှိသည်ကိုလည်း စာကြွင်းအနေဖြင့် ဖော်ပြလိုသည်။ ရှေးယခင်က မြန်မာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းသည် စာရွက်များအပေါ် အလွန်မှီခိုထားသဖြင့်  အင်မတန်မှ အချိန်ယူ၍ နှစ်ဦးနှစ်ဖက်စလုံး အခက်အခဲရှိပြီး ခရီးတွင်ရန် စိတ်ရှည်ရသော လုပ်ငန်းဖြစ်သည်။  DICA အနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ရာတွင် Digitisation နှင့် Digitalisation နှစ်မျိုးစလုံးကို တစ်ပြိုင်နက်လုပ်ဆောင်ခဲ့သည်ဟု ထင်မြင်ပါသည်။ Digitalisation သည် လုပ်ငန်းစဥ်(processes)များအတွက် နည်းပညာအသုံးပြုခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဒီဂျစ်တယ်စနစ်များကို  စတင်အသုံးပြုခဲ့ခြင်းဖြင့် လုပ်ငန်းပိုမိုမြန်ဆန်လာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း စသည် အကျိုးကျေးဇူးများ တွေ့မြင်ခဲ့ကြရသည်။ တစ်ဖက်တွင်လည်း ယခင်ကရှိသည့် မှတ်တမ်းမှတ်ရာများကို Digitisation ပြုလုပ်ကာ မှတ်တမ်းပြုစုခြင်း၊ ဒေတာအချက်အလက်များ ရုံးတွင်းဆိုင်ရာအတွက် အသုံးပြုခြင်း စသည်တို့အတွက် Digitisation ကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့ဟန်တူသည်။ DICA ၏ ချဥ်းကပ်ပုံမှာ စားသုံးသူများနှင့် ထိတွေ့သည့် လုပ်ငန်းစဥ်များအား တဖြေးဖြေးချင်းဖြင့် နည်းပညာအကူအညီများယူ၍ အခြေခံကျကျပြောင်းလဲခဲ့ပြီး တစ်ဖက်တွင်လည်း ယခင်မှတ်တမ်းများအား ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ ဤဥပမာကို ကြည့်ခြင်းအားဖြင့် သင့်လုပ်ငန်းအတွက် DT လုပ်ငန်းစဥ်အား မည်သည့်နေရာမှ စတင်ရမည်ကို မြင်နိုင်လိမ့်မည်ဟု ယူဆပါသည်။ စာရေးသူအနေဖြင့် မည်သည်ကို အရင်ပြုလုပ်ပါဟု တပ်အပ်ပြောပြပါကလည်း စာဖတ်သူ၏ နောက်ခံအကြောင်းအရာသည် ကွဲပြားနိုင်သည့်အတွက် တန်ဖိုးရှိမည်ဟု မယူဆသဖြင့် ထိုကဲ့သို့ အကြမ်းဖျင်းသာ ဖော်ပြထားခြင်းဖြစ်သည်။


Digitisation vs Digitalisation vs Digital Transformation

အထက်တွင် ဖော်ပြခဲ့သော ဥပမာအား စာဖတ်သူအနေဖြင့် ဖတ်ပြီး Digitisation နှင့် Digitalisation တို့၏ ကွဲပြားခြားနားချက်အား နားလည်သဘောပေါက်သွားလိမ့်မည်ဟု စာရေးသူအနေဖြင့် မျှော်မှန်းပါသည်။ အဲ့ဒီတော့ ၎င်း နှစ်ခုနှင့် Digital Transformation က မတူဘူးလား၊ တူတာလား? Digitisation နှင့် Digitalisation တို့အား ပြုလုပ်ရာတွင် မိမိ၏ လုပ်ငန်းမှ လူများလည်း ပြုလုပ်၍ ရသလို ပြင်ပမှ ပညာရှင်များအသုံးပြု၍လည်း လုပ်၍ ရသည်။ ဥပမာ အက်ပ်ပလီကေးရှင်းတစ်ခုအား software house တစ်ခုခုအား ရေးခိုင်းလိုက်ပြီး မိမိလုပ်ငန်းမှ အသုံးပြုခြင်း။ သို့သော် Digital Transformation သည် ထိုကဲ့သို့ နည်းပညာ အသုံးပြုခြင်းထက် သင့်လုပ်ငန်းတွင် ရှိသော လူများက ပို၍ အရေးကြီးသည်။ Digitally transform ပြုလုပ်ရန်အတွက် ဖော်ပြပါ Digitisation နှင့် Digitalisation အဆင့်များအားလည်း ပြုလုပ်ရမှာဖြစ်သလို သင့်လုပ်ငန်းအနေဖြင့် DT အဆင့်သို့ ရောက်အောင် နည်းပညာအသုံးပြုခြင်းထက် သင်၏ အဖွဲ့အစည်းအပြောင်းအလဲများလည်း ရှိရမည်ဖြစ်သည်။ ဥပမာ ဝန်ထမ်းများအနေဖြင့် ဒီဂျစ်တယ်ကိရိယာများအား ပိုမိုအကျွမ်းတဝင်ဖြစ်လာအောင် သင်တန်းများပေးခြင်း၊ ၎င်းတို့အား Digital Mindset ရှိလာအောင် အဖွဲ့အစည်း cultural level အထိ ပြုပြင်ပြောင်းလဲခြင်း၊ ဖောက်သည်ဗဟိုပြုစနစ်များကျင့်သုံးခြင်း၊ စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး innovate လုပ်နိုင်သည်အထိ သင်၏ အဖွဲ့အစည်းယဥ်ကျေးမှု(Organisational Culture) အား အချိန်တစ်ခုယူကာ ပျိုးထောင်ပေးသွားရမည်ဖြစ်သည်။ သင့် လုပ်ငန်း၏ အစိတ်အပိုင်းအနည်းငယ်အတွက်သာ နည်းပညာ အနည်းငယ်အသုံးပြုလိုက်ခြင်းသည် Digitalisation အဆင့်တွင်သာ ရှိနေသေးသည်ကို သင်သတိထားမိရန်လိုသည်။ Digitally Transformed ဖြစ်သွား‌သော လုပ်ငန်းများသည် နည်းပညာကို အဖွဲ့အစည်းအတွင်းတွင် ရှိသောလူများမှ နည်းပညာအား မဟာဗျူဟာကျကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု၍ လုပ်ငန်း၏ business model အား  innovate လုပ်ရမည်ကို အမှန်တကယ်သိရှိပြီး အမှန်တကယ် innovate လုပ်ပေးနိုင်သည့် အဆင့်အထိ ရောက်သွားသည်။ ထို့ကြောင့် Digital Transformation သည် သာမာန် နည်းပညာ အနည်းငယ် အသုံးပြုလိုက်သည် မဟုတ်ပဲ သင့် လုပ်ငန်း၏ ကျောရိုးတစ်ခုလုံးနှင့် အရေးကြီးသော အစိတ်အပိုင်းများအားလုံး ပြောင်းလဲပေးသွားခြင်းဖြစ်သည်ကို သင် နားလည်သဘောပေါက်ရန်လိုအပ်သည်။


ဒီလောက်ဆိုရင်တော့ စာဖတ်သူများအနေဖြင့်လည်း မိမိလုပ်ငန်းအား ပြုပြင်ပြောင်းလဲပြီး အသွင်ကူးပြောင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို ဤဆောင်းပါး  မှတစ်ဆင့် ထပ်ဆင့် တွေးတောသွားနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

Digitise -> Digitalise -> Digital Transformation

Author: SMEHub Asia

December 1, 2021

bottom of page