top of page



လုပ်ငန်းများအနေဖြင့် မိမိတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ပရောဂျက်များကို အထောက်အလျောက်လုပ်နေကြလိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်ချို့ကလည်း စနစ်တကျနည်းဗျူဟာချမှတ်ကာ ရှေ့သို့မှန်မှန် ခုတ်မောင်းနေကြသလို တစ်ချို့ကမူ ဖေးမမည့်သူ မရှိပဲ မြူမှုန်ထုကြားထဲတွင် ကမ်းမမြင်လမ်းမြင်လျှောက်လှမ်းနေကြရသည်၊ တစ်ချို့ကတော့ အစိတ်အပိုင်းတစ်ခုကို ဒီဂျစ်တယ်အသွင်ကူးပြောင်းပြီးသည်နှင့် ကျေနပ်လျက်ရှိကြသည်။ ဖော်ပြခဲ့သော ဖြစ်တတ်သည့် ဥပမာအချို့သည် လုပ်ငန်းရှင်များအနေဖြင့် ပြုလုပ်နေသော လုပ်ဆောင်ချက်များသည် မှားယွင်းနေသည်ဟု မဆိုလိုပါ။ သို့သော် မိမိ ရောက်ရှိနေသည့် အခြေခံနေရာကို ပြည့်ပြည့်ဝဝသိရှိမှသာ မည်မျှ အားအင်စိုက်ထုတ်ရမည်၊ မည်မျှအား၊ အရှိန်ယူရမည်၊ မည်မျှ အချိန်တစ်ခုအတွက် ကြိုတင်စီမံရမည်၊ မည်ကဲ့သို့ စတင်လုပ်ဆောင်ရမည် စသည်ဖြင့် မိမိလုပ်ငန်းအား ထိထိမိမိ ဒီဂျစ်တယ်ခရီးစဥ်တွင် ရှေ့သို့ ဦးဆောင်သွားနိုင်မည်ဖြစ်သည်။

ဤဆောင်းပါးတွင် ပါဝင်သော ကိရိယာကို လုပ်ငန်းရှင်များအနေဖြင့် အသုံးပြုကာ မိမိလုပ်ငန်း၏ ပင်ကိုယ်ပကတိရောက်ရှိနေသည့် ဒီဂျစ်တယ်ရင့်ကျက်မှု အဆင့်ကို သုံးသပ်နိုင်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် လုပ်ဆောင်ရမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို စဥ်းစားပြီး ကြိုတင်စီမံထားနိုင်မည်ဖြစ်သည်။ ဤဆောင်းပါးသည် အင်တာနေရှင်နယ်ဒေတာကော်ပရေးရှင်း (IDC) နှင့် Cisco တို့ပူးပေါင်းထုတ်ဝေခဲ့သော “2020 Small Business Digital Transformation: A Snapshot of Eight of the World’s Leading Markets” အစီရင်ခံစာအား မှီငြမ်းထားခြင်းဖြစ်သည်။


ဒီဂျစ်တယ်ရင့်ကျက်မှု

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ခက်ခဲသည်၊ ကြာရှည်သည်၊ ရေရှည်စိတ်ရှည်၍ လုပ်ဆောင်ရသော လုပ်ငန်းစဥ်ဖြစ်သည်။ ထိုကဲ့သို့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အောင်မြင်ပါကလည်း အကျိုးကျေးဇူးမှာလည်း ဆယ်စုနှစ်များစွာအထိ အကျိုးသက်ရောက်နေနိုင်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၏ အကျိုးကျေးဇူးများကို များသောအားဖြင့် နားလည်ကြသည်။ အနှစ်သာရအထိ နက်နက်နဲနဲ နားမလည်လျှင်တောင်မှ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် လုပ်ငန်း ဆက်လက်ရပ်တည် ရှင်သန်ရန်အတွက် လိုအပ်သည်ဟု မြင်လာကြသည်။ သို့သော် လုပ်ငန်းရှင်များကိုလည်း ကိုယ်ချင်းစာမိသည်။ ပြုလုပ်လိုသော ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ ပရောဂျက်များသည် မည်သည့် နေရာမှ မည်ကဲ့သို့ အသေအချာစတင်ရမည် နှင့် ပတ်သက်၍ တိုင်ပင်ရန် မြန်မာနိုင်ငံကဲ့သို့ အခင်းအကျင်းမျိုးတွင် အင်မတန်မှ အခက်တွေ့ကြရသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အင်တာနက်မှ အကြံပြုမှုများစွာ ရှာကြံဖတ်ရှုပြီး အဆင်ပြေအောင် မီးစင်ကြည့်ကနေကြရသည်က များသည်။ မိမိကိုယ်တိုင်၊ အကူအညီမပါပဲ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ဆောင်ပြီး အောင်မြင်သွားသည့် လုပ်ငန်းရှင်များလည်း ရှိသည်။ သို့သော် အများစုအတွက်ကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ပဟေဋိတစ်ခုလို ဆက်လက်ရှိနေဆဲဖြစ်သည်။


အင်တာနေရှင်နယ်ဒေတာကော်ပရေးရှင်း (IDC) မှ လုပ်ငန်းငယ်များ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းရင့်ကျက်မှုကို နားလည်သဘောပေါက်နိုင်ရန်အတွက်  တည်ဆောက်ထားသော အခြေခံဘောင်တစ်ခုကို ၎င်းအစီရင်ခံစာတွင် တွေ့ရှိရသည်။ လုပ်ငန်းငယ်များအနေဖြင့် ၎င်း အခြေခံဘောင်ကို အသုံးပြုကာ မိမိလုပ်ငန်း၏ လက်ရှိပကတိ လုပ်ဆောင်နိုင်စွမ်းများကို သုံးသပ်နိုင်ပြီး မိမိလုပ်ငန်းရည်မှန်ချက်များနှင့် နည်းပညာလိုအပ်ချက်များချိတ်ဆက်ကာ ပန်းတိုင်များ ချမှတ်နိုင်သည်။





စီးပွားရေးလုပ်ငန်းငယ် ဒီဂျစ်တယ်ရင့်ကျက်မှုပြအညွှန်းတွင် ရှုထောင့် ၄ မျိုးပါဝင်သည်။ ၎င်းတို့မှာ ဒီဂျစ်တယ်မဟာဗျူဟာ နှင့် အဖွဲ့အစည်း၊ ဒီဂျစ်တယ်လုပ်ငန်းစဥ်များ နှင့် စီမံခန့်ခွဲမှု၊ ဒီဂျစ်တယ်နည်းပညာ၊ နှင့် ဒီဂျစ်တယ်လူနှင့် ကျွမ်းကျင်မှု တို့ဖြစ်ပါသည်။ ၎င်း ရှုထောင့်တစ်ခုစီသည် ဒီဂျစ်တယ်ကျွမ်းကျင်ပိုင်နိုင်မှု၏ အခြေခံအကျဆုံးအရာများကို ပစ်မှတ်ထားထားခြင်းဖြစ်ပြီး တစ်ခုချင်းစီသီးခြား  မိမိလုပ်ငန်း၏ အခြေအနေနှင့် ယှဥ်၍ သုံးသပ်ကာ လုပ်ငန်းငယ်များအနေဖြင့် မိမိ၏ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းခရီးစဥ်အတွက် ပန်းတိုင်များကို ချမှတ်နိုင်ပါသည်။





ပုံတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းငယ် ဒီဂျစ်တယ်ရင့်ကျက်မှုပြအညွှန်းသည် စီးပွားရေးလုပ်ငန်းငယ်များအား ဒီဂျစ်တယ်ရင့်ကျက်မှု အဆင့် ၄ ဆင့် ဖြင့် ခွဲခြား သတ်မှတ်ထားသည်။ ၎င်းတို့မှာ – 

  1. Digital Indifferent – သည် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းခရီးစဥ်တွင် အစောဆုံးအဆင့်ဖြစ်ပြီး မြန်မာနိုင်ငံရှိလုပ်ငန်းအများစု လက်ရှိတွင်ရှိနေသော အဆင့်ဖြစ်သည်။ လုပ်ငန်းသည် တုံ့ပြန်ရမည့်အချိန်မှ တုံ့ပြန်ပြီး အကျိုးထိရောက်မှုများကိုသာ အာရုံစိုက်နေသည်။ ဒီဂျစ်တယ်အတွက် အားထုတ်မှုများ မရှိခြင်း သို့မဟုတ် စတင်မထားခြင်း။ လုပ်ငန်းစဥ်အများစုသည် manual ဖြစ်နေသည်။ နည်းပညာအတွက် ရေရှည်မြုပ်နှံမှုမပြုလုပ်ပဲ ရေတိုအတွက်သာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ခြင်း၊ Cloud အသုံးမပြုပဲ Excel spreadsheet များကိုသာ အဓိကထားသုံးစွဲနေကြခြင်း။ ဝန်ထမ်းများအနေဖြင့်လည်း ဒီဂျစ်တယ်ကျွမ်းကျင်မှုများရှိမနေခြင်း။

  2. Digital Observer – သည် စိတ်ကူးကို အကောင်အထည်ဖော်ရန် ခြေစတင်လှမ်းသောအဆင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ ဒီဂျစ်တယ်ဆိုင်ရာကြိုးစားအားထုတ်မှုများ ရှိလာနေသော်လည်း ရေတိုအတွက်ကိုသာ လုပ်ဆောင်နေခြင်း။ ဒီဂျစ်တယ်အစီအစဥ်များကို စတင်ရေးဆွဲဖန်တီးလာခြင်း။ လုပ်ငန်းတွင်း လုပ်ငန်းစဥ်အများစုမှာ အလိုအလျောက်စနစ် အသုံးမပြုရသေးသော်လည်း ထိရောက်မှုမရှိသည့် လုပ်ငန်းစဥ်များကို စတင်ဖြေရှင်းလာခြင်း။ Cloud အသုံးပြုမှုများ အနည်းငယ်ရှိသည်။ Analytics ကို အကန့်အသတ်ဖြင့်သာ အသုံးပြုခြင်း နှင့် Reporting tool များကို အသုံးပြုခြင်းများကိုသာ အာရုံစိုက်နေခြင်း။ ဒီဂျစ်တယ်ကျွမ်းကျင်မှုများအတွက် ရေတိုရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခြင်း။ Risk ယူရန် တွန့်ဆုတ်နေသည့် ဦးဆောင်မှု ဖြစ်နေခြင်း။

  3. Digital Challenger – သည် တုံ့ပြန်ခြင်းမှ ကြိုတင်စတင်ခြင်းပုံစံသို့ တဖြေးဖြေးပြောင်းလဲလာပါသည်။  လုပ်ငန်းအနေဖြင့် တက်ကြွဖျက်လက်မှုကို အာရုံစိုက်လာသည်။ ဒီဂျစ်တယ်မဟာဗျူဟာလည်း ရှိနေပြီဖြစ်သည်။ သို့သော် ၎င်း မဟာဗျူဟာသည် ရေတိုကိုသာ အာရုံစိုက်ထားသည်။ ကျောရိုးဖြစ်သည့် လုပ်ငန်းစဥ်များအားလုံး အလိုအလျောက်ဖြစ်အောင် ပြုလုပ်ထားပြီး ဖြစ်ပြီး ထုတ်လုပ်မှုနှုန်းဟာလည်း မြင့်တက်လာနေသည်။ ဒီဂျစ်တယ်နည်းပညာအသုံးပြုခြင်းအတွက် နည်းပညာ Roadmap လည်းရှိနေပြီဖြစ်သည်။ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ကျွမ်းကျင်မှုများ တိုးတက်စေရန် မဟာဗျူဟာကျသော ရင်းနှီးမြုပ်နှံမှုများပြုလုပ်နေပြီဖြစ်သည်။

  4. Digital Native – သည် လုပ်ငန်း၏ DNA မှာကိုက ဒီဂျစ်တယ်နည်းပညာကို အခြေပြုထားသည်။ ဒီဂျစ်တယ်ဖြင့် ဆန်းသစ်ရန်အတွက် အလုံးစုံခြုံငုံထားသော မဟာဗျူဟာရှိနေပြီဖြစ်သည်။ စျေးကွက်ကို အသွင်ပြောင်းလဲရန်၊ လုပ်ငန်းလည်ပတ်မှုများကို ချဲ့ထွင်ရန် နှင့် စားသုံးသူအတွေ့အကြုံကို မြှင့်တင်ရန် ကြိုတင်စတင်ပြီး ရှာဖွေနေပြီဖြစ်သည်။ တက်ကြွဖျက်လက်သောချဥ်းကပ်မှုဖြင့် လုပ်ငန်းစဥ်များအားလုံးကို အလိုအလျောက်ဖြစ်အောင်ပြုလုပ်ပြီးဖြစ်သည်။ လုပ်ငန်းစဥ်အသွင်ကူးပြောင်းခြင်းအတွက် သိသိသာသာခြေလှမ်းလှမ်းပြီးသားဖြစ်သည်။ Cloud နည်းပညာကိုလည်း ထဲထဲဝင်ဝင်အသုံးပြုပြီး ဒီဂျစ်တယ်နည်းပညာကိုလည်း စိတ်နှစ်ကိုယ်နှစ်အသုံးပြုနေပြီဖြစ်သည်။ Analytics များကိုလည်း လုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။ လိုအပ်သော ဒီဂျစ်တယ်ကျွမ်းကျင်မှုများလည်း လုပ်ငန်းတွင်းတွင် ရှိနေပြီဖြစ်သည်။ ထူးချွန်သော ဝန်ထမ်းများသည် အရေးအကြီးဆုံး ဦးစားပေးဖြစ်ပြီး မိမိလုပ်ငန်းအား ကွဲထွက်စေသည့်အရာတစ်ခုဖြစ်သည်။ တက်ကြွဖျက်လက်ပြီး အလျင်အမြန်လိုက်လျောညီထွေပြုပြင်ပြောင်းလဲနိုင်သော ယဥ်ကျေးမှုလုပ်ငန်းထဲတွင် ရှိနေပြီဖြစ်သည်။


လုပ်ငန်း၏ ပန်းတိုင်များနှင့် ကိုက်ညီသော ရှုထောင့်တစ်ခုစီအလိုက် လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်ရင့်ကျက်မှု အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားနိုင်သည်။ ဤ အခြေခံဘောင်သည် လုပ်ငန်းငယ်များအနေဖြင့် မိမိတို့၏ ဒီဂျစ်တယ်ရင့်ကျက်မှုကို တိုင်းတာရာတွင် အင်မတန်မှ အသုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် သင့် လုပ်ငန်းသည် ဒီဂျစ်တယ်မဟာဗျူဟာ နှင့် အဖွဲ့အစည်း ရှုထောင့်အရ “Digital Challenger” ဖြစ်နေနိုင်သော်လည်း ဒီဂျစ်တယ်လူနှင့် ကျွမ်းကျင်မှု ရှုထောင့်အရ “Digital Indifferent” ဖြစ်နေနိုင်သည်။ ထိုကဲ့သို့ ဥပမာပေးထားသည့်အတိုင်း သင့်လုပ်ငန်းက ဖြစ်နေပါက သင်သည် မည်သည့် ရှုထောင့်အပိုင်းကို အရင်အာရုံစိုက်၍ တိုးတက်အောင်ပြုလုပ်ရမည်ကို သိရှိမည်ဖြစ်ပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ဦးတည်ချက်မှာလည်း ရှင်းလင်းပြတ်သားနေမည်ဖြစ်သည်။

မိမိလုပ်ငန်းက ဒီဂျစ်တယ် ခရီးရဲ့ ဘယ်နားရောက်နေပြီလဲ?

Author: SMEHub Asia

December 1, 2021

bottom of page