top of page


ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုလေ့ရှိကြပြီး လုပ်ငန်းအမျိုးအစား၊ အရွယ်အစား၊ လုပ်ငန်းသဘာဝပေါ်မူတည်၍ ပြောင်းလဲမှုများလည်းရှိသည်။ ကမ္ဘာကျော် အကြံပေးကုမ္ပဏီများဖြစ်ကြတဲ့ Deloitte ၊ McKinsey နှင့် Bain တို့ကတော့ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုထားကြသည်။ Digital Transformation ဆိုတာဘာလဲ??? ဆောင်းပါးတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် ပတ်သက်၍ အနှစ်သာရရှင်းလင်းချက်အား  အသေးစိတ်ကို သွားရောက် ဖတ်ရှုနိုင်ပါသည်။


ယခုလို ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ မိမိစီးပွား‌ရေးကို ဒီဂျစ်တယ်ဆန်ဆန်  ပြန်လည်ဆန်းသစ် တွေးဆမျှော်မြင်ခြင်းက ပြိုင်ဘက်တွေနဲ့ ယှဥ်ပြိုင်နိုင်ရန် နှင့် ပြောင်းလဲနေတဲ့ ဈေးကွက်အပေါ်မူတည်၍ ပြောင်းလဲနိုင်ရန် လုပ်ငန်းများကို လိုအပ်သော ကိရိယာများ တပ်ဆင်ပေးခြင်းနှင့်တူသည်။ ထိုကဲ့သို့ အသွင်ကူးပြောင်းမှုမျိုးသည် အရောင်း၊ ဈေးကွက်ချဲ့ထွင်ရေး နှင့် ဖောက်သည်ဝန်ဆောင်မှု စသည့် လုပ်ဆောင်နိုင်စွမ်းများထက် ကျော်လွန်ပြီး လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ဖောက်သည်များနှင့် ထိတွေ့မှုအပေါ် မည်ကဲ့သို့ စဥ်းစားတွေးခေါ်သလဲ ဆိုတာနှင့် အများကြီးသက်ဆိုင်သည်။ နည်းပညာများဖြင့် ပေါင်းစပ်ကာ အလုပ် လုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းကို မည်ကဲ့သို့ လုပ်ဆောင်နေသနည်း ဆိုသည်ကို ပြန်လည်သုံးသပ်ရန်အတွက် အခွင့်အရေးလည်း ဖြစ်ပေသည်။


ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဖြင့် ထင်ရှားသော တိုးတက်ဖွံ့ဖြိုးမှုများအတွက် တံခါးများပွင့်သွားစေပြီး Customer Experience ကိုလည်း သိသိသာသာ မြှင့်တင်ဆောင်ရွက်နိုင်သည့်အပြင် အရင်က မဖြစ်နိုင်ခဲ့သော နေရာများသို့လည်း ချဲ့ထွင်နိုင်လိမ့်မည်။ ဥပမာ သာမာန်ရပ်ကွက်ထဲမှ အထည်ဆိုင်လေးတစ်ဆိုင်သည် ယခုအခါ Shop.com ကဲ့သို့သော e-commerce များမှ တစ်ဆင့် ဆိုင်ဖွင့်ပြီး အွန်လိုင်းမှတစ်ဆင့် ဖောက်သည်အသစ်များသို့ ရောင်းချနိုင်သည်။ ပို့ဆောင်မှုအနေဖြင့်လည်း ဝန်ဆောင်မှုပေးထားသည် ဖြစ်သည့်အတွက် အရင်က ရပ်ကွက်၂ ခု၊ ၃ ခု စာသာ ရောင်းနေသော အထည်ဆိုင်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာကို ချဲ့ထွင် ရောင်းချနိုင်သည်။  Facebook မှတစ်ဆင့်လည်း လက်လီရောင်းချခြင်းများ၊ လက်က္ကားရောင်းချခြင်းများလည်း လွယ်ကူစွာပြုလုပ်လာနိုင်သည့် အနေအထားဖြစ်လာသည့်အတွက် ဒီဂျစ်တယ်ကိရိယာများကိုသာ ကောင်းမွန်စွာအသုံးချနိုင်ပါက အခွင့်အရေးများစွာ လမ်းများစွာ ပွင့်သွားပေလိမ့်မည်။


လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ဆောင်သောအခါ တွေ့ရာကြုံရာကို ပြုလုပ်၍မရပါ။ လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအား သုံးသပ်ပြီး မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် နည်းပညာများကို ရွေးချယ်အသုံးပြုရမည်ဖြစ်သကဲ့သို့ မဟာဗျူဟာကျကျ စဥ်းစားကာ တစ်ဆင့်ချင်းဆီ မိမိလုပ်ငန်းအား ပြောင်းလဲသွားရမည်ဖြစ်သည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးသည် တစ်ကြိမ်ပြုလုပ်လိုက်သည် (သို့) နည်းပညာတစ်ခုခုကို မိမိလုပ်ငန်းမှာအသုံးပြုလိုက်သည်နှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းသည်ဟု ခေါ်ဆို၍ မရပါ။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ပြောင်းလဲနေသော ရေစီးကြောင်းများအတိုင်း စဥ်ဆက်မပြတ် လိုက်လံဆောင်ရွက်ရသော လုပ်ငန်းစဥ်တစ်ခုဖြစ်ပါသည်။ မဟာဗျူဟာ ကျကျ မိမိလုပ်ငန်းအား ဒီဂျစ်တယ် အသွင်ကူးပြောင်းသောအခါ လုပ်ငန်းရှင်းများအနေဖြင့် အပိုင်း ၄ ပိုင်း ခွဲ၍ စဥ်းစားသုံးသပ်ပြီး မဟာဗျူဟာ ချမှတ်ရမည်ဖြစ်သည်။ ထို မဟာဗျူဟာမှ တစ်ဆင့် နည်းဗျူဟာများချမှတ်ကာ မိမိလုပ်ငန်းအား တဖြေးဖြေးဖြင့် အရွေ့တစ်ခုကို သယ်ဆောင်သွားရမည်ဖြစ်သည်။


လုပ်ငန်းစဥ်အသွင်ကူးပြောင်းခြင်း

လုပ်ငန်းစဥ်အသွင်ကူးပြောင်းခြင်းဆိုသည်မှာ ရည်မှန်းချက်အသစ်များကို ရရှိနိုင်ရန်အတွက်  လုပ်ငန်းတွင်းရှိ လုပ်ငန်းစဥ်များ၏ အစိတ်အပိုင်းများကို ပြုပြင်ခြင်း (သို့) မြှင့်တင်ခြင်း ဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် ထိုကဲ့သို့ လုပ်ငန်းဆိုင်ရာလုပ်ငန်းစဥ်များကို အဆင့်မြှင့်တင်ခြင်းကို လုပ်‌ဆောင်ရာတွင်

  • အသွင်ကူးပြောင်းရခြင်း၏ ရည်မှန်းချက်များကို သတ်မှတ်ပါ။ – လုပ်ငန်းအနေဖြင့် လုပ်ငန်းတွင် နည်းပညာအသစ်များ ထည့်သွင်းအသုံးပြုလိုသလား? ဘာကြောင့် အသွင်ပြောင်းဖို့လိုအပ်လာသလဲ?  ရှိပြီးသား နည်းပညာများကို အဆင့်မြှင့်လိုသလား? စသည်ဖြင့် ရည်မှန်းချက်များကို သတ်မှတ်ပါ။

  • အခြေခံ တိုင်းတာနိုင်သော အတိုင်းအတာများကို သတ်မှတ်ပါ။ –  လုပ်ငန်းဆိုင်ရာ လုပ်ငန်းစဥ်များကို အောင်မြင်သည်ဟု သတ်မှတ်၍ ရအောင် ဒေတာအချက်အလက်များကို လုပ်ငန်းများအနေဖြင့် သတ်မှတ်အသုံးပြုသင့်သည်။ ထို အတိုင်းအတာများတွင် ကုန်ကျစရိတ်၊ အချိန်၊ မှားယွင်းမှုများ၊ စသည်ဖြင့် သတ်မှတ်ပါ။ ဥပမာ မိမိ စက်ရုံသို့လာသော စက်ရုံအလုပ်သမားအနေဖြင့် စက်ရုံသို့ရောက်သောအခါ အချိန် ချက်ကင် ဝင်ရတာ၊ လက်မှတ်ထိုးရတာ စသည်တို့ရှိတတ်သည်။ ၎င်းအစား လက်ဗွေရာစက်အသုံးပြုခြင်းဖြင့် ထိုလက်မှတ်ထိုးသောအခါ ကြာသည့်ကြာချိန်ထက် ပို၍ မြန်ဆန်သလား?

  • သက်ဆိုင်သူများအားလုံးကို ပါဝင်ခိုင်းခြင်း – ထိုပြောင်းလဲမည့် လုပ်ငန်းစဥ်နှင့် သက်ဆိုင်သူများအားလုံးကို ခေါ်ယူပြီး လက်ရှိ လုပ်ငန်းစဥ်တွင် မည်သည်တို့က အလုပ်ဖြစ်နေသနည်း၊ မည်သည်တို့ကို ပြောင်းလဲရန် လိုအပ်သနည်း နှင့် လုပ်ငန်းစဥ်အသစ်မှ ၎င်းတို့အနေဖြင့် ဘာတွေမျှော်လင့်ထားသလဲ စသည်တို့ကို မေးမြန်းပြီး ၎င်းတို့အား ပါဝင်ပါစေ။

  • အကောင်းဆုံးဖြစ်နိုင်မည့် လုပ်ငန်းစဥ်တစ်ခုကို ချရေးထားပါ။ – နည်းပညာအသုံးပြုသည်ဆိုသည်မှာ နည်းပညာအား လူများမှ ကောင်းမွန်ကျွမ်းကျင်စွာအသုံးပြုရပြီး နည်းပညာနှင့်လူများ ဟန်ချက်ညီညီလုပ်ဆောင်ကာ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တက်စေခြင်းဖြစ်သည်။ ထို့ကြောင့် အသုံးပြုမည့် နည်းပညာများ၊ စနစ်များ နှင့် လူများပါ ပါဝင်သော လုပ်ငန်းအသွားအလာ စံပြပုံစံတစ်ခုကို ချရေးဆွဲထားသင့်သည်။ Miro ကဲ့သို့သော ရုပ်ပြပုံဆွဲနိုင်သည့် ကိရိယာကိုလည်း အသုံးပြုနိုင်သည်။

  • အသွင်ပြောင်းခြင်း စတင်ပြီးသည်နှင့် စောင့်ကြည့်ပါ။ – လုပ်ငန်းများအနေဖြင့် လုပ်ငန်းစဥ်အသစ်တစ်ခုကို လူအနည်းငယ် (သို့) သေးငယ်သော အဖွဲ့တစ်ခုကိုသာ စတင်မိတ်ဆက်သင့်သည်။ ထိုသို့ မိတ်ဆက်ပြီး တိုးတက်မှုကို စောင့်ကြည့်ပါ။ ပြောင်းလဲစရာရှိသည်များကို ပြောင်းလဲနိုင်သည်။


စီးပွားရေးပုံစံအသွင်ပြောင်းခြင်း

လုပ်ငန်းအများစုသည် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအား ပိုမို ကောင်းမွန်အောင်လုပ်ဆောင်ရန်သော်လည်းကောင်း၊ သမားရိုးကျစီးပွားရေးပုံစံမှ စီးပွားရေးပုံစံအသစ်တစ်ခုသို့ပြောင်းလဲရန်သော်လည်းကောင်း ပြုလုပ်ကြသည်။ ယခုခေတ်တွင်မူ ထိုကဲ့သို့ စီးပွားရေးပုံစံအသစ်တစ်ခုသို့ ပြောင်းလဲကာ ဆန်းသစ်တီထွင်မှုများ များစွာရှိပါသည်။ ဗီဒီယိုအခွေငှားရမ်းခြင်းလုပ်ငန်းကို ပြန်လည်တီထွင်သွားသည့် Netflix၊ သီချင်းနားထောင်ခြင်း ဖြန့်ချိခြင်းကို ပြန်လည်ဆန်းသစ်သွားသည့် Apple ၏ iTunes နှင့် တက္ကစီလုပ်ငန်းကဏ္ဍတစ်ခုလုံးကို ရိုက်ခါသွားသည့် Uber စသည်တို့ကို သိရှိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ၎င်းတို့ စတင်ကြသောအချိန်တုန်းက ယခု သင်တို့ မြင်ရသလို လုပ်ငန်းကြီးများမဟုတ်ကြပါ (စာကြွင်း – Apple မှ လွဲ၍)။ သို့သော် စီးပွားရေးပုံစံတစ်ခုလုံးကို ပြန်လည်ဆန်းသစ်တီထွင်ကာ လုပ်ငန်းကဏ္ဍတစ်ခုလုံးကို လှုပ်ခါစေခဲ့ပါသည်။ သင့်လုပ်ငန်းသည်လည်း မည်ကဲ့သို့ သေးငယ်စေကာမူ ကြီးမားစေကာမူ ထိုကဲ့သို့ ဆန်းသစ်သော စီးပွားရေးပုံစံအသစ်များသို့ အသွင်ပြောင်းနိုင်ပေသည်။ ဥပမာ ရပ်ကွက်တွင်းမှ ကုန်စုံဆိုင်အနေဖြင့် အမြဲဝယ်ယူ‌လေ့ရှိသော ဖောက်သည်များအား အိမ်သို့ ပို့ဆောင်ပေးခြင်း၊ အမှာစာများကို အွန်လိုင်းမှ တစ်ဆင့်လက်ခံခြင်း၊ ၅ သောင်းဖိုးဝယ်လျှင် ရာခိုင်နှုန်းတစ်ခုပြန်ပေးသော အစီအစဥ် စသည်တို့ကို လုပ်ဆောင်ကာ ၎င်း၏ စီးပွားရေးပုံစံကို အသွင်ပြောင်းလဲနိုင်သည်။


ပိုင်နက်အသွင်ပြောင်းခြင်း

‌ပိုက်နက် အသွင်ပြောင်းခြင်းသည် သိပ်ပြီး လူများက အာရုံစိုက်လေ့မရှိကြပါ။ သို့သော် ၎င်းတွင် ကြီးမားသော အလားအလာ ရှိသည်။ နည်းပညာအသစ်များက ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ပြောင်းလဲပြင်ဆင်ပေးနိုင်စွမ်းရှိပြီး  လုပ်ငန်းကဏ္ဍများ၏ စည်းများကိုလည်း ဝေဝါးသွားစေသည်။ ဆိုလိုသည်မှာ မိမိ လုပ်ဆောင်နေသော လုပ်ငန်းပိုင်နက်မှ နောက်တစ်ခုအား အသွင်ပြောင်းလဲရန်အတွက် နည်းပညာကြောင့် အင်မတန်မှလွယ်ကူလာပါသည်။


ပိုင်နက်အသွင်ပြောင်းခြင်း အလုပ်ဖြစ်သွားသည်များထဲမှ အကောင်းဆုံး ဥပမာတစ်ခုပေးရလျှင် အွန်လိုင်း လက်လီရောင်းချသော Amazon သည် Amazon Web Services (AWS) ကို စတင်မိတ်ဆက်ကာ ထိုဈေးကွက်ပိုင်နက်ထဲသို့ ၂၀၀၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ ထိုပိုင်နက်သည် Microsoft နှင့် IBM တို့ ကြီးစိုးနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။ ၂၀၂၀ တွင် Amazon Web Services (AWS) သည် Amazon အတွက် ၄၅.၃၇ ဘီလီယံဒေါ်လာအထိ ဖန်တီးပေးနိုင်ခဲ့ပြီး စုစုပေါင်းဝင်ငွေ၏ ၁၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ Amazon က ၎င်း အသုံးပြုပြီးသားဖြစ်သည့် ဝန်ဆောင်မှုများနှင့် နည်းပညာများအား ပြန်လည်ထုတ်ပိုးကာ cloud ဝန်ဆောင်မှု လုပ်ငန်းပိုင်နက်ထဲသို့ ဝင်ခဲ့ခြင်းဖြစ်သည်။

ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းအား လုပ်ဆောင်နေသော လုပ်ငန်းများအနေဖြင့် ပိုင်နက်ပြောင်းလဲခြင်း၊ ချဲ့ထွင်ခြင်း၊ အသွင်ပြောင်းလဲခြင်းမှ ရရှိလာနိုင်သော အခွင့်အရေးများကို အမြဲ သတိပြုနေရမည်ဖြစ်သည်။


အဖွဲ့အစည်း ယဥ်ကျေးမှု အသွင်ပြောင်းခြင်း

အောက်မြင်သည့် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းသည် နည်းပညာအသုံးပြုခြင်း၊ နည်းပညာဖြင့် အဆင့်မြှင့်ခြင်း၊ ကုန်ပစ္စည်းများကို ဒီဇိုင်းပြန်လည်ရေးဆွဲခြင်း – ထုတ်ပိုးမှုပြင်ဆင်ခြင်း တို့ထက် ပိုပါသည်။ အကယ်၍ လုပ်ငန်းတစ်ခုအနေဖြင့် ၎င်း၏ အတွင်းထဲရှိ ထားရှိထားသော တန်ဖိုးများနှင့် အပြုအမူများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ချိန်ညှိခြင်း မအောင်မြင်ပါက အဖွဲ့အစည်း၏ ယဥ်ကျေးမှုကို သွယ်ဝိုက်သောနည်းလမ်းဖြင့် သက်ရောက်မှုများရှိနိုင်သည်။ ထိုသက်ရောက်မှုများသည် အမျိုးမျိုးဖြစ်နိုင်ပြီး ဝန်ထမ်းများအနေဖြင့် တွန်းလှန်ခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ မယုံကြည်ခြင်းစသည်တို့ကို ဖြစ်စေနိုင်သည်။ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ??? ဆောင်းပါးတွင် သွားရောက်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။


အဆိုးဖက်ရောက်သော သက်‌ရောက်မှုများကြောင့် နည်းပညာစတင်အသုံးပြုခြင်း နှေးကွေးခြင်း မှ ဈေးကွက်ယှဥ်ပြိုင်နိုင်စွမ်းဆုံးရှုံးခြင်း နှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပဏာမခြေလှမ်းများ မအောင်မြင်ခြင်းဖြစ်ပြီး ထုတ်လုပ်စွမ်းရည် ကျခြင်းနှင့် ဝင်ငွေဆုံးရှုံးခြင်းများဖြစ်နိုင်သည်။ တစ်ဖက်တွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ အလုံးစုံးပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများကြောင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို နားလည်လာခြင်း၊ ကြိုက်နှစ်သက်လာခြင်း နှင့် ပို၍ အရှေ့သို့ရောက်အောက် ကြိုးစားခြင်း စသည့် လုပ်ငန်းတွင်းယဥ်ကျေးမှု အ‌ရွေ့တစ်ခုလည်းဖြစ်လာနိုင်သည်။


ဦးဆောင်သူများအနေဖြင့် ဒီဂျစ်တယ်အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသောအမြင်လည်း ရှိရမှာဖြစ်သလို ၎င်းအမြင်ကိုလည်း အဖွဲ့အစည်းတစ်ခုလုံးသို့ စဥ်ဆက်မပြတ် ဆက်သွယ်ပြောဆိုနေရမည်ဖြစ်သည်။


မဟာဗျူဟာ အဆင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု ၄ ခု ထဲမှ လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအပေါ်မူတည်၍ ကိုက်ညီသောအရာများကို  ပြုလုပ်နိုင်သည်။ သို့သော် အရေးအကြီးဆုံး မဟာဗျူဟာမှာမူ အဖွဲ့အစည်းယဥ်ကျေးမှုအသွင်ပြောင်းခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို လူမှ စတင်အသုံးပြုရသည်၊ ဆက်လက်အသုံးပြုရသည်၊ တိုးတက်အောင် မြှင့်တင်ရခြင်းကြောင့် ဖြစ်သည်။

မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ?

Author: SMEHub Asia

December 1, 2021

bottom of page