top of page



ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ???

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဟာ လုပ်ငန်းတစ်ခုအတွက် ဘက်ပေါင်းစုံမှ အထောက်အကူပေးပြီး အရင်က မရရှိခဲ့ဖူးသည့် အတွေ့အကြုံ၊ အခွင့်အရေးနှင့် ဖောက်သည်များကို ပေးစွမ်းနိုင်ပြီး ဝင်‌ငွေရရှိသည့်လမ်းများကိုလည်း တိုးပွားစေနိုင်သည့်အပြင် မိမိ လုပ်ငန်းအတွင်းတွင်လည်း အဆင့်မြှင့်တင်ပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ်လျှင် အချက်များစွာပြတ်သော မဟာဗျူဟာ တစ်ခုဖြစ်ပေသည်။ မိမိလုပ်ငန်းကနေလည်း လုပ်ငန်းနှင့် ဆက်စပ်နေသော Stakeholder တိုင်းအတွက် Value အသစ်များကိုပါ တစ်ပါတည်း ဖန်တီးနေခြင်းဖြစ်သည်။ မဟာဗျူဟာကျွမ်းကျင်သည့် လုပ်ငန်းရှင်များအတွက်ကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးသည် အနာဂတ်တွင် လုပ်ငန်းဆက်လက် တည်တံ့ရှင်သန်ရေးအတွက် အရေးကြီးသည်ဆိုတာကို သေချာနားလည်သဘောပေါက်ပြီး အသွင်ကူးပြောင်းရေးကို အားအင်စိုက်ထုတ်နေကြပြီလည်း ဖြစ်ပါသည်။ 


အခုနောက်ပိုင်းတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုတာကို လုပ်ငန်းရှင်များအနေဖြင့် စိတ်ပါဝင်စားလာကြပြီး ဒီဂျစ်တယ်စကြာဝဠာထဲသို့ ၎င်းတို့၏ လုပ်ငန်းများကို အသွင်ကူးပြောင်းရန် ကြိုးပမ်းလာကြသည်။ သို့သော် အများစုမှာ မျှော်မှန်းထားသလောက် ခရီးမပေါက်တာမျိုး ကြုံနေကြရသည်။ အဲ့ဒီတော့ ဘာတွေလိုအပ်နေတာလဲ? ဘာတွေမှားနေတာလဲ? ဘာတွေပြင်ဆင်ရမှာလဲ?


Leadership သည်အရေးကြီးသည်။ “Being a leader” က ပို၍အရေးကြီးသည်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုသည်မှာ “လူ”များစုပေါင်းပြုလုပ်အကောင်အထည်‌ဖော်ရသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပေသည်။ ထိုကဲ့သို့ လူပေါင်းများစွာ စုပေါင်း၍ ပူးပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည့် အလျောက် ၎င်းတို့ကို ဦးတည်ချက်များ ချမှတ်ပေးပြီး ပဲ့ကိုင် မောင်းနှင်ပေးရုံ သာမက ၎င်းတို့တွင် ရည်ရွယ်ချက်များ ရှိနေအောင်ပါ လုပ်ဆောင်ပေးနိုင်သည့် ဦးဆောင်မှုမျိုးလိုအပ်သည်။  သင်၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဥ်သည် မျှော်မှန်းထားသလောက် ခရီးမပေါက်ခြင်းမှာ အကြောင်းအရင်းများစွာ ရှိနေနိုင်သော်လည်း တာဝန်အရှိဆုံးလူမှာ လုပ်ငန်းအား  ဦးဆောင်နေသောသူများသာ ဖြစ်သည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဥ်ကို လျှောက်လှမ်းကြရာဝယ် ဦးဆောင်သူများ၏ ဒီဂျစ်တယ်နည်းပညာများအပေါ်တွင် ရှိသော ရပ်တည်ချက်ခိုင်မာဖို့လိုပြီး မိမိ နှင့် အလုပ်အတူတူလက်တွဲလုပ်ကိုင်နေသော ဝန်ထမ်းများကိုလည်း လွှမ်းမိုးနိုင်သည့် အရည်အချင်းများရှိနေသင့်သည်။ မြန်မာနိုင်ငံကဲ့သို့သော အခင်းအကျင်းမျိုးတွင် များသောအားဖြင့် လူသားအရင်းအမြစ်နှင့် ပတ်သက်၍ လုပ်ငန်းရှင်များအခက်အခဲ တွေ့လေ့ရှိကြသည်။ MIT Sloan (Massachusetts Institute of Technology ၏ School of Management) မှ ကမ္ဘာတစ်ဝန်းတွင် လုပ်ငန်းများကို ဦးဆောင်နေသူ ၄,၀၀၀ ကျော်အား စစ်တမ်းကောက်ပြီး ပြုလုပ်ထားသည့် သုသေတနစာတမ်းတွင် နေရာဒေသအသီးသီး၊ လုပ်ငန်းကဏ္ဍအသီးသီးမှ ၉၃ ရာခိုင်နှုန်းသော အလုပ်သမားများသည် ၎င်းတို့အနေဖြင့် အလုပ်ကောင်းမွန်စွာလုပ်‌ဆောင်နိုင်ရန်အတွက် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများ လိုအပ်သည်ဟု ယုံကြည်ကြကြောင်းကို ဖော်ပြထားသည်။ ထို သုသေတန စာတမ်းမှ စိတ်ဝင်စားစရာကောင်းသည့်အချက် တစ်ချက်မှာ စစ်တမ်းတွင်ပါဝင်သူများ၏ ၈၈ ရာခိုင်နှုန်းသည် ၎င်းတို့၏ အဖွဲ့အစည်းအနေဖြင့် အနာဂတ်တွင် ရေရှည်ဆက်လက်ရပ်တည်ရှင်သန်နိုင်ရန်အတွက် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းရှိသော ဦးဆောင်သူများ အနေအထားတစ်ခုအထိ အဖွဲ့အစည်းထဲတွင် ရှိရန် လိုအပ်ကြောင်းကိုလည်း ဖြေကြားထားသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် Digital Transformation တစ်ခုကို ပူးပေါင်းလုပ်ဆောင်ကြရာတွင် မိမိလုပ်ငန်းအတွင်းရှိ ဝန်ထမ်းများကိုလည်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများ တိုးတက်လာအောင် ပျိုးထောင်ပေးသင့်သလို မိမိဝန်ထမ်းများ၏ ဒီဂျစ်တယ်စွမ်းဆောင်ရည်အား အမြင့်မားဆုံးအနေဖြင့် လုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုရှိအောင် မောင်းနှင်ရာဝယ် မိမိကိုယ်တိုင်တွင်လည်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ အခြေအနေတစ်ခုအထိ ရှိသင့်သည်။ ဤအရာသည် အပြောလွယ်ပေမယ့် လက်တွေ့တွင် ခက်ခဲသည်။ နိုင်ငံတကာမှ ဦးဆောင်သူများလည်း အထူးသဖြင့် Legacy Leader များလို့ခေါ်တဲ့ ရှေးရိုးစွဲဦးဆောင်သူများမှာလည်း ၎င်း စိန်ခေါ်မှုများနှင့် တွေ့နေကြရသည်။ မြန်မာနိုင်ငံတွင် အပြောများလေ့ရှိသော စိန်ခေါ်မှုမှာ “ငါကတော့ ဝန်ထမ်းကို တတ်ပါစေဆိုပြီး သင်တန်းတွေထားပေးလိုက်တာပဲ၊ Training တွေ ခေါ်ပေးတာပဲ။ ဒါပေမယ့် တတ်လည်းတတ်သွားရော ငါ့လုပ်ငန်းကနေထွက်ပြီး အခြားတစ်နေရာကို ပြောင်းသွားတော့တာပဲ။” ဟုတ်ပါသည်။ ထို လူသားအရင်းအမြစ်ဆိုင်ရာစိန်ခေါ်မှုမှာ မြန်မာနိုင်ငံတွင်သာ မဟုတ်ပဲ အခြား ဖွံဖြိုးပြီးနိုင်ငံများတွင်လည်း ထိုပြဿနာများရှိနေပါသည်။ ဝန်ထမ်းများသည် လုပ်ငန်းခွင်တစ်ခု၌ အလုပ်လုပ်ရာတွင် ငွေမျက်နှာကြည့်၍ အလုပ်လုပ်ကြသလို လုပ်ငန်း၏ရည်ရွယ်ချက်ကို ယုံကြည်သည့်အတွက်ကြောင့်လည်း အလုပ်လုပ်ကြသည်။ အထက်တွင်ဖော်ပြခဲ့သလိုပဲ ဤနေရာတွင် upskill လုပ်ထားပြီးသော ဝန်ထမ်းအင်အားကို မိမိလုပ်ငန်းတွင် ထိန်းထားရန်အတွက် ၎င်းတို့အား တိုးတက်ရေးလမ်းကြောင်း (ဥပမာ သင်တန်းများပေးခြင်း)များ တည်ဆောက်ပေးထားခြင်း ၊ လုပ်အားခ သင့်တင့်မျှတစွာပေးခြင်း၊ လုပ်ငန်း၏ ရည်ရွယ်ချက်အား အမှန်တကယ် ယုံကြည်သက်ဝင်အောင် လွှမ်းမိုးခြင်း နှင့် ရည်ရွယ်ချက်များ ရှိနေအောင် လုပ်ဆောင်ပေးသည့် ဦးဆောင်မှုမျိုး စသည့် အကြောင်းအရာများစွာ လိုအပ်သည်။ ဝန်ထမ်း retention rate သည် လုပ်ငန်းအား ဦးဆောင်သူမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်တွင်မှာမှ တာဝန်မရှိပါ။ ထို့အပြင် ၎င်း retention rate သည် ဝန်ထမ်းများအား upskill လုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိဟု ထင်မြင်ပါသည်။


”If you think about digital transformation as two words, we pay too much attention to the digital and not enough to transformation. It’s not a technology challenge, it’s a leadership one.” –  Dr George Westerman, senior lecturer, MIT Sloan School of Management

နောက်တစ်ခု၊ Team များ ! 
 

Digital Transformation လုပ်ဆောင်ရာတွင် အောက်ပါ framework အား အသုံးပြုလေ့ရှိကြသည်။ 

(မှတ်ချက် – ဖော်ပြပါအချက်များသည် framework များစွာ ရှိသည့်အနက်မှ တစ်ခုသာဖြစ်သည်။) 

  • Customer Experience အား ဒီဂျစ်တယ် အသွင်ပြောင်းခြင်း – ဤ လုပ်ဆောင်ချက်သည် သင့်လုပ်ငန်းနှင့် သင့် ဖောက်သည်များ ထိတွေ့သည့် အတွေ့အကြုံကို ဒီဂျစ်တယ်နည်းပညာများဖြင့် ပေါင်းစပ်၍ အသွင်ပြောင်းလဲခြင်းဖြစ်သည်။

  • ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအား ဒီဂျစ်တယ် အသွင်ပြောင်းခြင်း – ယခုနောက်ပိုင်းတွင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကိုသာ ရောင်း၍ မရတော့ပဲ အတွေ့အကြုံကိုပါ တစ်ပါတည်း ရောင်းရန်လိုအပ်လာသည်။ ဤအသွင်းပြောင်းခြင်းသည် များသောအားဖြင့် အထက်ပါ အသွင်ပြောင်းခြင်းနှင့် တစ်ပါတည်း တွဲပါနေတတ်သည်။

  • လုပ်ငန်းလည်ပတ်မှုအား ဒီဂျစ်တယ် အသွင်ပြောင်းခြင်း – အထက်ပါ အချက်နှစ်ချက်အား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းတွင်း လည်ပတ်မှုသည်လည်း အင်မတန်အရေးကြီးသည်။ ထို့ကြောင့် ၎င်းလုပ်ငန်းတွင် လုပ်ငန်းစဥ်များကိုလည်း အသွင်ပြောင်းရန် လိုအပ်ပါသည်။

  • ဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြောဆိုဆက်သွယ်ခြင်းများအား ဒီဂျစ်တယ်အသွင်ပြောင်းခြင်း – အထက်ပါ ကိစ္စရပ်များကို အသွင်ပြောင်းခြင်းကြောင့် ပို၍ မြန်ဆန်လာသော ခြေလှမ်းများအတိုင်း လိုက်မှီရန်အတွက်  ဒီဂျစ်တယ် နည်းပညာများအသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြောဆိုဆက်သွယ်ခြင်းများ ပြုလုပ်ရန်လိုအပ်လာသည်။ ကိုဗစ်-၁၉ သည် ဤအသွင်ပြောင်းခြင်းအား အစွမ်းကုန် တွန်းပို့ပေးခဲ့သည်။

မှတ်ချက်။ ။ Digital Transformation Framework နှင့် ပတ်သတ်၍ နောက်ပိုင်းတွင် မဟာဗျူဟာအဆင့် နှင့် နည်းစနစ်အဆင့်များခွဲကာ အသေးစိတ် ဖော်ပြရေးသွားပေးသွားပါမည်။


စာရေးသူအနေဖြင့် အထက်ပါ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးနည်းလမ်းများကို အကျဥ်းချုပ်ဖော်ပြထားသည့် အကြောင်းအရင်းမှာ ၎င်း အသွင်ကူးပြောင်းခြင်းများအား သင့် လုပ်ငန်းနှင့် ဆက်စပ်စဥ်းစားတွေးတောကြည့်လိုက်ပါက ၎င်း လုပ်ငန်းစဥ်များကို အကောင်းမွန်ဆုံး၊ အထိရောက်ဆုံးဖြစ်အောင် ပြုလုပ်ရာတွင် အလိုအပ်ဆုံး အရင်းအမြစ်မှာ မည်သည့်အရာဖြစ်သည်ဟု သင်ထင်ပါသနည်း???

ဟုတ်ပါသည်။ သင့်လုပ်ငန်းတွင် ရှိသည့် “လူ – ဝန်ထမ်း” များပဲ ဖြစ်ပါသည်။ မည်သို့ပင် သင့်အနေဖြင့် ပြင်ပမှ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အကြံပေးများကို ငွေကုန်ကြေးကျခံကာ ခေါ်ခေါ် နောက်ဆုံးတွင် သင့်လုပ်ငန်းတွင်းရှိ ဝန်ထမ်းများသည်သာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် အလိုအပ်ဆုံး အခြေခံအုတ်မြစ်ဖြစ်ပေသည်။ သို့သော် ၎င်းဝန်ထမ်းများအား စည်းချက်ညီညီ ဆောင်ရွက်စေရန်အလို့ငှာ ဦးဆောင်သူ၏ အခန်းကဏ္ဍမှာလည်း အင်မတန်မှ အရေးကြီးလှသည်။ 

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးပြုလုပ်ရာတွင် ဦးဆောင်သူမှ မျှော်မှန်းစီမံထားသော မဟာဗျူဟာ အပေါ်မူတည်၍ နည်းပညာများကိုလည်း လုပ်ငန်း၏ လုပ်ဆောင်ချက်ဌာနအလိုက် အသုံးပြုသင့်သည်။ ဒီဂျစ်တယ်ကိရိယာများကို ၎င်းတို့ ဌာနအလိုက် အဆင်ပြေသလို သုံးချင်သလို အသုံးမပြုစေပဲ မဟာဗျူဟာ နှင့် သက်ဆိုင်သည့် နည်းပညာကိရိယာများကိုသာ အသုံးပြုသင့်သည်။ ဒီဂျစ်တယ်ကိရိယာများသည် လုပ်ငန်းတွင်းရှိ ဝန်ထမ်းများအားလုံး တူညီသော ဦးတည်ချက် ရည်ရွယ်ချက်တစ်ခုကို ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် သင့်လျော်သော ကိရိယာများသာဖြစ်သင့်သည်။ ဥပမာပေးရလျှင် လုပ်ငန်းအား တီးဝိုင်းတစ်ခုအဖြစ် မြင်ကြည့်ပါက Conductor မှ တီးဝိုင်းတွင်ပါဝင်သူတို့အား ၎င်းတို့ တီးချင်သည့် တီးလုံးအား မတီးစေပဲ စုပေါင်းကာ သံစဥ်တစ်ခုဖြစ်အောင် တူရိယာများကို တီးခတ်စေခြင်း ပုံစံနှင့် အလားတူသည်။


အကြံဉာဏ်အသစ်၊ လုပ်ဆောင်ချက်အသစ်များ နှင့် ကြုံတွေ့ရသောအခါ တွန်းလှန်ခြင်းသည် လူသားတို့၏ DNA ထဲတွင်ကို ရှိနေသည်။ မည်သည့်အသွင်ကူးပြောင်းခြင်း ပရောဂျက်များတွင် မဆို (ဒီဂျစ်တယ် ဟုတ် ဟုတ် မဟုတ် ဟုတ်) ဝန်ထမ်းများ ယုံကြည်ပါဝင်မှုသည် အရေးကြီးလှသည်။ သုသေတနစာတမ်းများတွင်လည်း အောင်မြင်သော ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပရောဂျက်များတွင် ဝန်ထမ်းများ ပါဝင်မှုအားကောင်းကြသည်ကိုလည်း တွေ့မြင်ရသည်။ ထို့ကြောင့် သင်၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း ပရောဂျက်များတွင် ဝန်ထမ်းများကို မဟာဗျူဟာ တည်ဆောက်ခြင်းအဆင့်မှစ၍ နောက်ဆုံး အကောင်အထည်ဖော်သည့် အဆင့်အထိ ၎င်းတို့နှင့် ထိတွေ့ကာ ၎င်းတို့၏ ယူဆချက်၊ ထင်မြင်ချက်များကိုပါတစ်ပါတည်း ထည့်သွင်းသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ပါဝင်ပတ်သက်မှု မြင့်မားပြီး Ownership ရှိသည့်အပြင် အခရာကျလှသည့် Communication အတွက်ကိုပါ အထောက်အကူဖြစ်စေသည်။ ဒါ့အပြင်  ဦးဆောင်သူများအနေဖြင့်လည်း ဝန်ထမ်းများမှတစ်ဆင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာအတွက် အရေးကြီးသော လက်တွေ့မြေပြင် insights များလည်း ရနိုင်သည်။ နောက်ဆုံးအနေဖြင့် ပြန်လည်ခြုံငုံရသော် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ရာ တာဝန်အရှိဆုံးသူမှာ လုပ်ငန်းအား ဦးဆောင်သူဖြစ်ပြီး ၎င်းအနေဖြင့် ခိုင်မာသော မဟာဗျူဟာများ ချမှတ်နိုင်သည့်အပြင် အကောင်အထည် အမှန်တကယ်အကောင်အထည်ဖော်မည့် ဝန်ထမ်းများကိုလည်း အမှန်တကယ် နှစ်မြုပ်ကာ ပါဝင်ပတ်သက်လာအောင် လွှမ်းမိုးသိမ်းသွင်းနိုင်ရန်လိုအပ်သည်။ Digital Transformation သည် နည်းပညာ စိန်ခေါ်မှုမဟုတ်ပါ၊ ဦးဆောင်မှုဆိုင်ရာစိန်ခေါ်မှု ဖြစ်ပါသည် ဟု ဖော်ပြရေးသားရင်း နိဂုံးချုပ်အပ်ပါသည်။

ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ???

Author: SMEHub Asia

December 1, 2021

bottom of page