top of page



ချဥ်းကပ်ခြင်းနည်းလမ်းများ

စာရေးသူ၏ ဆောင်းပါးများတွင် ထပ်ခါထပ်ခါ ဖော်ပြထားသလို ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် အချိန်ယူ၊ အင်အားစိုက်ထုတ်ပြီး စိတ်ရှည်ရသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ ထို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို နည်းဗျူဟာအရ ပုံစံအမျိုးမျိုးဖြင့် ချဥ်းကပ်နိုင်သည်။ မိမိ၏ လုပ်ငန်းအမျိုးအစားနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာ အပေါ်မူတည်၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ဖော်ပြပါ နည်းဗျူဟာများဖြင့် ချဥ်းကပ်နိုင်သည်။


ဒီဂျစ်တယ်အောင်မြင်မှုကို စောင့်ခြင်း

ယခု ပထမ ချဥ်းကပ်နည်းသည် လုပ်ငန်းများကို လက်တွေ့မျက်မြင်ကိုအခြေခံသောရလဒ်များအား အာရုံစိုက်စေသည်။ ဆိုလိုသည်မှာ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပဏာမခြေလှမ်းအား လှမ်းထားပြီး အောင်မြင်မှု တစ်စုံတစ်ရာကို မြင်ရသောအခါမှ ပို၍ အားစိုက်ချဲ့ထွင်ခြင်းဖြစ်သည်။ သို့သော် ထိုချဥ်းကပ်နည်းတွင် အခက်အခဲရှိနိုင်သည်မှာ သင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း နောက်မှ လိုက်လာနေဆဲအချိန်တွင် သင်လုပ်ငန်းသည် ထိုနားတွင် တန့်နေနိုင်သည့် အန္တရာယ်ရှိနိုင်သည်။ အခြားမိမိ၏ ပြိုင်ဘက်မှ ဒီဂျစ်တယ်အရ အောင်မြင်မှု ပို၍ လျှင်မြန်စွာရသွားခဲ့ပါက သင့် ပြိုင်ဘက်တွင် ပို၍သာသော အားသာချက်တစ်ခုရသွားနိုင်သည်။ သို့သော် လုပ်ငန်းအများစုမှာ ဒီဂျစ်တယ်ကုန်ပစ္စည်းများ နှင့် ဒီဂျစ်တယ်မဟုတ်သောကုန်ပစ္စည်များ ရှိသည့်အတွက် ယခု ပထမ ချဥ်းကပ်နည်းကို လုပ်ငန်းအများစုမှ ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်သော လုပ်ငန်းအများစုမှာ ဒီဂျစ်တယ် ကုန်ပစ္စည်း မရောင်းရလည်း ခံနိုင်ရည်ရှိသော လုပ်ငန်းများဖြစ်ကြသည်။


အားလုံးပါဝင် ပြည့်စုံသော ဒီဂျစ်တယ်မဟာဗျူဟာကို တည်‌ဆောက်ခြင်း

ယခု ချဥ်းကပ်နည်းသည် အစမှ စ၍ မဟာဗျူဟာကို ပြီးပြည့်စုံအောင်ပြုလုပ်နိုင်သလောက် ပြုလုပ်ထားခြင်းမျိုးဖြစ်သည်။ ၎င်း ချဥ်းကပ်နည်းပုံစံသည် အားကောင်းပြည့်စုံသော ‌ရှေရည်စီမံကိန်းချမှတ်နိုင်ရန်လိုအပ်သည်။ ထိုကဲ့သို့ အားလုံးပါဝင် ပြည့်စုံသော ဒီဂျစ်တယ်အသွင်ပြောင်းခြင်း နည်းဗျူဟာသည် လုပ်ငန်းယဥ်ကျေးမှုကို အရင် ပြောင်းလဲပြီးမှ ဆန်းသစ်တီထွင်မှုများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ခြင်းကို အာရုံစိုက်ထားသည်။ ယခုနည်းဗျူဟာသည် လုပ်ငန်းယဥ်ကျေးမှုကို အချိန်တစ်ခုယူ၍ ပြောင်းလဲပြီးမှ အခြားသော အသွင်ကူးပြောင်းခြင်းမဟာဗျူဟာများကို အကောင်အထည်ဖော်ခြင်းကြောင့် လုပ်ငန်းအရွယ်အစားအနည်းငယ်ကြီးသူများအဖို့ အန္တရာယ်အနည်းငယ်ရှိနိုင်ပြီး ငွေကုန်ကြေးကျများနိုင်သော်လည်း လုပ်ငန်းငယ်များအတွက်ကမူ ရှင်းလင်းပြတ်သားသော ချမှတ်ပြီးသား မဟာဗျူဟာကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်လိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းငယ်များအနေဖြင့် လုပ်ငန်းတွင်းယဥ်ကျေးမှုပြောင်းလဲရန်အတွက် လူအများကြီးကို စည်းရုံးရန်မလိုအပ်သောကြောင့် အချိန်ကာလလည်း လုပ်ငန်းကြီးများထက် ပို၍ တိုတောင်းနိုင်သောကြောင့်ဖြစ်သည်။


ဒီဂျစ်တယ်စွမ်းရည်တိုးတက်လာသည်နှင့်အမျှ ဒီဂျစ်တယ်ဝန်ဆောင်မှုလည်း လိုက်တိုး၍ ပေးခြင်း

ယခု ချဥ်းကပ်နည်းသည် လုပ်ငန်းတစ်ခုအနေဖြင့် မိမိလုပ်ငန်းအား ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ဆောင်ရင်းနှင့် ဖောက်သည်များအတွက် တန်ဖိုးအသစ်များကိုပါ လမ်းတစ်လျှောက် ပေးသွားခြင်းဖြစ်သည်။ ဥပမာ လုပ်ငန်းတစ်ခုအနေဖြင့် မိမိ၏ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်ပြုလုပ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ထိုမှတစ်ဆင့် ကုန်ပစ္စည်း‌ရောင်းချခြင်း ဝန်ဆောင်မှုစတင်ပေးသည်။ ထိုမှ တစ်ဆင့် စားသုံးသူများမှ စာပို့ထားသည်များကို စာပြန်တာနောက်ကျသဖြင့် စိတ်ဆိုးခြင်းများ ရှိလာသည်ပဲဆိုပါစို့၊ ကနဦး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာတွင် မပါသော်လည်း ပြောင်းလဲ၍ Chatbot ကို ထပ်မံထည့်သွင်း အသုံးပြုခြင်း ပုံစံမျိုးဖြစ်သည်။ လုပ်ငန်းရှေ့ဆက်သွားသည်နှင့်အမျှ သင်ယူလိုက်ရသော သင်ခန်းစာများ၊ ရရှိသော အကြံဉာဏ်များအား ထည့်သွင်းစဥ်းစားပြီး ဒီဂျစ်တယ်မဟာဗျူဟာကို လိုအပ်သိလို ပြင်ဆင်ခြင်း အသုံးပြုခြင်းဖြစ်သည်။ ထိုချဥ်းကပ်နည်းသည် ခိုင်မာပြီး ပြောင်းလဲလွယ်သောဗျူဟာအပေါ် အာရုံစိုက်ထားပြီး မိမိ စားသုံးသူများပြောင်းလဲမှုနှင့်အတူ လိုက်လံ‌ပြောင်းလဲသည့်ပုံစံမျိုးဖြစ်သည်။






မဟာဗျူဟာများကို အကောင်အထည်ဖော်သည့် အဆင့်မှ ရှုမြင်ခြင်း

မဟာဗျူဟာများကို စဥ်းစား၍ ချမှတ် သတ်မှတ်ထားသော်လည်း အကောင်အထည်မဖော်ပါက လေထဲတွင် တိုက်ဆောက်နေသလိုသာဖြစ်နေမည်ဖြစ်သည်။ အကောင်အထည်ဖော်ရာတွင်လည်း မည်သည့်ပုံစံဖြင့် ချဥ်းကပ်လျှင် အကောင်းဆုံးဖြစ်မည်ကို မိမိလုပ်ငန်းနှင့် သင့်လျော်သလို အထက်တွင် ဖော်ပြထားသော ချဥ်းကပ်နည်းများထဲမှ တစ်ခု ရွေးချယ်ကာ အသုံးချနိုင်သည်။


ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာများကိုတော့  မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ? ဆောင်းပါးတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ သင့်လုပ်ငန်း၏ ယခုရောက်ရှိနေသော အခြေအနေအပေါ်မူတည်၍ သင့်လျော်သလို မဟာဗျူဟာချမှတ်နိုင်ပါသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာများကို အကောင်အထည်ဖော်ရာတွင်လည်း ထိုရှုထောင့်မှ ရှင်းလင်းပြတ်သားစွာ မြင်ပြီး အကောင်အထည်ဖော်ရန်လိုအပ်သည်။ အကောင်အထည်ဖော်သည့် နည်းဗျူဟာရှုထောင့်မှ ကြည့်သော် လုပ်ငန်းရှင်များအနေဖြင့် မည်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အမျိုးအစား/မဟာဗျူဟာကို လုပ်ဆောင်လုပ်ဆောင် ထို လုပ်ငန်းစဥ်ကို  အပိုင်း ၃ ပိုင်းဖြင့် ပိုင်းခြား မြင်ကြည့်ရမည်ဖြစ်သည်။


လုပ်ငန်းစဥ်အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ခြင်း

သင့်လုပ်ငန်း၏ လုပ်ငန်းစဥ်အစိတ်အပိုင်းများက လက်ရှိတွင် ဘယ်လိုဖြစ်နေသလဲ? ဘယ်လိုရှိနေသလဲ? အချို့သော လုပ်ငန်းများတွင် ဝန်ထမ်းများအနေဖြင့် ဘောပင်၊ စာရွက် နှင့် ဖိုင်လ်တွဲများကို မှီခိုနေကြဆဲဖြစ်သည်။ အချို့သော လုပ်ငန်းများတွင်မူ အီးမေးလ် နှင့် ဖုန်းများကို ကျွမ်းကျင်စွာအသုံးပြုနေကြသည်။ သို့သော် အီးမေးလ်အသုံးပြုရုံနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပြုလုပ်ထားသည်ဟု ပြော၍မရပါ။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည်မှာ နည်းပညာအသုံးပြုလိုက်ခြင်းဖြင့် လုပ်ငန်းစဥ်အစိတ်အပိုင်းများပြောင်းလဲသွားပြီး လုပ်ငန်းစဥ်အသစ်တစ်ခု ဖြစ်ပေါ်လာသည်ကို ဆိုလိုသည်။ 


 မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ? ဆောင်းပါးတွင် ဖော်ပြထားသော မဟာဗျူဟာများထဲမှ စီးပွား‌ရေးပုံစံအသွင်ပြောင်းခြင်းအား လုပ်ဆောင်မည်ဆိုပါစို့။ သင့်လုပ်ငန်းတွင် ယခု လက်ရှိရှိနေသော လုပ်ငန်းစဥ်အစိတ်အပိုင်းများကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး သင် အသွင်ပြောင်းလိုသော စီးပွားရေးပုံစံနှင့် ကိုက်ညီသော လုပ်ငန်းစဥ်အစိတ်အပိုင်းများကို နည်းပညာအသုံးပြုကာ ပြန်လည်ပြင်ဆင်တည်ဆောက်ရမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် သင့်တွင် သင်၏ စီးပွားရေးပုံစံအသွင်ပြောင်းခြင်း မဟာဗျူဟာအား ထောက်ပံ့ပေးနေမည့် နည်းဗျူဟာအဆင့် လုပ်ငန်းစဥ်များရှိနေမည်ဖြစ်သည်။


လုပ်ငန်းလည်ပတ်ခြင်းကို ပြန်လည်ပြင်ဆင်ခြင်း

နည်းဗျူဟာအဆင့်တွင် နောက်ထပ်အရေးကြီးသော အစိတ်အပိုင်းမှာ လုပ်ငန်းလည်ပတ်မှုပုံစံဖြစ်သည်။ သင့်အနေဖြင့် အကောင်းဆုံး နောက်ဆုံးပေါ် နည်းပညာအား အသုံးပြု၍ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ထုတ်လုပ်လိုက်သည်နှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပြုလုပ်လိုက်ပြီးပြီဟု ပြော၍ မရပါ။ လုပ်ငန်းစဥ်အစိတ်အပိုင်းများကို ပြောင်းလဲ၍ ဖြစ်ပေါ်လာသော လုပ်ငန်းစဥ်များကို အသုံးပြု၍ လုပ်ငန်းလည်ပတ်မှုပုံစံအသစ်တစ်ခုကို သင့်အနေဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်ရမည်ဖြစ်သည်။


အထက်တွင်ပါသော ဥပမာအတိုင်း ပြန်ကောက်ရလျှင် သင်အသွင်ပြောင်းလိုသော စီးပွားရေးပုံစံ၏ လုပ်ငန်းလည်ပတ်ပုံသည် သင့် ယခုလက်ရှိ စီးပွားရေးပုံစံ၏ လုပ်ငန်းလည်ပတ်ပုံ နှင့် လုံးလုံးမျှတူမည်မဟုတ်ပါ။ ထိုကဲ့သို့ ပြောင်းလဲမည့် စီးပွားရေးပုံစံအသစ်အတွက် လုပ်ငန်းလည်ပတ်ရန်လိုအပ်သည့် နည်းပညာအသုံးပြုမှု၊ ပြင်ဆင်မှုများကိုလည်း စဥ်းစားဆုံးဖြတ်၍ ပြန်လည်ပြင်ဆင်ရန်လိုအပ်ပါသည်။


ဖောက်သည်မှ သင့်လုပ်ငန်းနှင့်ထိတွေ့သည့်အတွေ့အကြုံကို ပြန်လည်ပြင်ဆင်ခြင်း

ဖောက်သည်မှ သင့်လုပ်ငန်းနှင့်ထိတွေ့သည့်အတွေ့အကြုံသည် အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။ ထို သင့်ဖောက်သည်မှ သင့်လုပ်ငန်းနှင့် ထိတွေ့ခြင်းမှ ပြန်၍ ပေးလာသော စားသုံးသူတုံ့ပြန်ချက်များသည် သင်၏ လုပ်ငန်းစဥ်အစိတ်အပိုင်းများ နှင့် လုပ်ငန်းလည်ပတ်ခြင်းအား ပြင်ဆင်မွမ်းမံမှုများလုပ်ရန်အတွက်အထောက်အကူဖြစ်စေသည်။ ထိုမှ တစ်ဆင့် ပိုမိုကောင်းမွန်သော စားသုံးသူအတွေ့အကြုံကို ဖန်တီးပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အခြေခံ စားသုံးသူအတွေ့အကြုံတစ်ခု ရှိရန်အတွက် သင့်တွင် လုပ်ငန်းစဥ်များ၊ လုပ်ငန်းလည်ပတ်မှုများ အခြေအနေတစ်ခုအထိ အရင်ရှိနေရန်လိုသည်။ ဥပမာ သင်သည် အဝတ်အထည် အွန်လိုင်းရှော့ပင် လုပ်သည့် လုပ်ငန်းရှင်ဆိုပါစို့၊ သင်သည် အွန်လိုင်းမှ အဝတ်အထည်များကို ဒီအတိုင်း ရောင်း၍မရပါ။ ဝယ်ယူသူအနေဖြင့် မည်သည့်နေရာမှ မှာယူရမည်၊ မှာယူသောအခါ သင်က မည်ကဲ့သို့ မှတ်တမ်းတင်၍ ထို အမှာစာအား မည်သည့် ပို့ဆောင်သူအသုံးပြု၍ ပေးပို့မည်၊ စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ သင့်အနေဖြင့် ကောင်းမွန်သော စားသုံးသူအတွေ့အကြုံပေးရန်အတွက် သင့် ဖောက်သည်များ၏ စားသုံးသူတုံ့ပြန်ချက်များကို မေးသောအခါ ပို့ဆောင်မှုအဆင်မပြေပါက သင့်အနေဖြင့်  ပို့ဆောင်မှုအပိုင်းကို တိုးတက်လာအောင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။


အထက်တွင်ပါသော ဥပမာအတိုင်း ပြန်ကောက်ရလျှင် သင်အသွင်ပြောင်းလိုသော စီးပွားရေးပုံစံ၏ အခြေခံ စားသုံးသူအတွေ့အကြုံတစ်ခုကို လုပ်ငန်းစဥ်များ၊ လုပ်ငန်းလည်ပတ်မှုပုံစံများဖြင့် ချိတ်ဆက်ကာ မည်ကဲ့သို့ တည်ဆောက်မည်ကို သင်စဥ်းစားထားရမည်ဖြစ်သည်။ မှန်တာပေါ့! နည်းပညာများကို ထိုသို့ ပြန်လည်ပြင်ဆင်ရာတွင် အသုံးပြုထားရမည်ဖြစ်သည်။ ထို အခြေခံစားသုံးသူအတွေ့အကြုံမှတစ်ဆင့် ရလာသော စားသုံးသူတုံ့ပြန်ချက်များကို ပြန်လည်သုံးသပ်ကာ သင်၏ လုပ်ငန်းစဥ်များ၊ လုပ်ငန်းလည်ပတ်မှုပုံစံများတွင် နည်းပညာအသုံးပြုမှုများကို ပြန်လည်ပြန်ဆင်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ဒါမှသာ သင်၏ စီးပွားရေးပုံစံအသွင်ပြောင်းခြင်းသည် အဖက်ဖက်မှ အောင်မြင်မည်ဖြစ်သည်။


စာရေးသူ ‌ဆောင်းပါးအစတွင် ဖော်ပြထားသလို ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် အချိန်ယူ၊ အင်အားစိုက်ထုတ်ပြီး စိတ်ရှည်ရသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ မိမိပြုလုပ်လိုသော အရာကို တိတိပပ သတ်မှတ်ပြီး ရှင်းလင်းပြတ်သားစွာမြင်ကာ မဟာဗျူဟာကျကျ သင့်လျော်သောချဥ်းကပ်နည်းဖြင့် ချဥ်းကပ်ရမည်ဖြစ်သည်။ ဒါ့အပြင် လုပ်ငန်းစဥ်အစိတ်အပိုင်းများ၊ လုပ်ငန်းလည်ပတ်ပုံများကိုလည်း နည်းဗျူဟာကျကျ အစဥ်မပြတ်ပြင်ဆင်ကာ ကောင်းမွန်သော စားသုံးသူအတွေ့အကြုံများကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။ ဤဆောင်းပါးသည် သင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကြိုးစားအားထုတ်မှုများအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။

ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းအား နည်းဗျူဟာအရ ချဥ်းကပ်ခြင်းနည်းများ

Author: SMEHub Asia

December 1, 2021

bottom of page