top of page



ဘယ်အချိန်မှာ လုပ်ငန်းကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းစတင်လုပ်ဆောင်ရမလဲ???

လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအား အဘယ်ကြောင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမလဲ၊ ပြုလုပ်သင့်သလဲ၊ ဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သော်လည်း အချိန်ကိုက်လုပ်ဆောင်ရန်အတွက် တွန့်ဆုတ်နေတတ်ကြသည်။ Risk ယူလည်းယူနိုင်ပြီး ယူလည်းယူရဲသည့်သူများအတွက်မူ မည်သည့်အချိန်သည် အချိန်ကောင်းဖြစ်သည်ဟု စဥ်းစားနေစရာမလိုပါ။ ထိုလုပ်ငန်းရှင်များကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ်ကို စတင်ပြီး လုပ်ဆောင်နေလောက်ပါပြီ။ သို့သော် အခုလက်ရှိတွင် လုပ်ငန်းအား ဒီဂျစ်တယ်ကမ္ဘာသို့ ခြေပစ်ဝင်ရန် စဥ်းစားဆဲဖြစ်နေသော လုပ်ငန်းရှင်များအတွက်ကတော့ စာရေးသူအနေဖြင့် ဤဆောင်းပါးတွင် လုပ်ငန်းတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို မဟာဗျူဟာအဖြစ် ဘယ်အချိန်စတင်အသက်သွင်းရမလဲဆိုတာကို အာရုံစိုက်သွားပါမည်။


ဒီဂျစ်တယ်လောကမှ သင်ခန်းစာတစ်ခု။ ကုမ္ပဏီတစ်ခုတည်းက ‘လက်လီ’ဈေးကွက်ကို ဘယ်လို ဝါးမျိုနေသလဲ?

လက်လီလောကမှာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ဒုနဲ့ဒေးပါ။ ၎င်းတို့ထဲမှာမှ လူသိအများဆုံးကတော့ ၁၉၆၂ ခုနှစ် အမေရိကန်နိုင်ငံ၊ အာကန်စက်စ်ပြည်နယ် စတင်တည်ထောင်ခဲ့တဲ့  Walmart နှင့် ၁၉၀၂ ခုနှစ် အမေရိကန်နိုင်ငံ၊ မီနီဆိုတားပြည်နယ်ကနေစတင်ခဲ့တဲ့  Target တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ လက်လီလောကမှာဆိုရင် လုံးဝ မပြိုလဲတော့ဘူးလို့ ယူဆရလောက်အောင် ခိုင်မာတဲ့ သမားရိုးကျ လက်လီရောင်းဝယ်ရေး ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ မပြိုလဲတော့ဘူးလို့ ယူဆရအောင်လည်း ၎င်းတို့ လုပ်ငန်းဝင်ငွေက ကြောက်ခမန်းလိလိပါပဲ။ ၂၀၂၀ ခုနှစ်မှာဆိုရင် ကိုဗစ်ဖြစ်နေတာတောင်မှ Walmart ရဲ့ ဝင်ငွေဟာ ၅၂၃.၉ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပြီး Target ကတော့ Walmart ထက် နည်းပေမယ့် ၂၀၂၀ အတွက် ၉၃.၅ ဘီလီယံဒေါ်လာအထိ ရှာနိုင်ခဲ့ပါတယ်။   သူတို့ဟာ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့အလျောက် လုပ်ငန်းစရိုက်၊ လုပ်ငန်းကဏ္ဍတွင်း အသိပညာ၊  လုပ်ငန်းကို ဘယ်လို အကောင်းဆုံးဖြစ်အောင် လည်ပတ်ရမလဲ၊ လုပ်ငန်း efficiency မြင့်အောင် ဘယ်လိုလည်ပတ်ရမလဲဆိုတာတွေကို ထုံးလိုမွှေ ရေလိုနှောက် ကျွမ်းကျင်နားလည်ကြသူတွေပါ။ သို့သော် မကြာသေးမှီကပဲ Amazon ဟာ ၎င်းတို့ နှစ်ဦးစလုံးကို လုံးဝကျော်တက်သွားပါပြီ။ ငွေရေးကြေးရေးဆိုင်ရာ သုသေတန လုပ်ငန်းတစ်ခုဖြစ်တဲ့ FactSet ကတော့ စားသုံးသူများအနေဖြင့် ၂၀၂၀၊ ဇွန်လ မှ ၂၀၂၁၊ ဇွန်လ အထိ ကာလအတွင်း  ၆၁၀ ဘီလီယံဒေါ်လာအထိ Amazon မှာ ဝယ်ယူခဲ့ကြပြီး Walmart မှာတော့ ၅၆၆ ဘီလီယံအထိ သုံးစွဲခဲ့ကြတယ်လို့ ခန့်မှန်းထားပါတယ်။ နည်းပညာလုပ်ငန်းဖြစ်တဲ့ Amazon ကို Walmart အနေနဲ့ လိုက်နိုင်ဖို့ကတော့ တော်တော်မလွယ်ကူတော့ပါ။ Walmart ကတော့ လုပ်ငန်းကြီးပီပီ ငွေလည်းပေါတဲ့အတွက်ကြောင့် Walmart Plus ဆိုပြီး အနောက်မှ လိုက်လုပ်နေပါတယ်။ သို့သော် Amazon ရဲ့ ရှေ့နှစ်ပေါင်းများစွာက သင်ယူထားခဲ့တဲ့ သင်ခန်းစာတွေကို အခုမှ သူက လေ့လာရမှာဆိုတော့ Amazon ကို လိုက်မှီရန် စာရေးသူအထင်ကတော့ သိပ်တော့ မလွယ်လှပါ။ Walmart လုပ်ငန်းဟာလည်း ရှည်ကြာလှပြီဖြစ်တဲ့အတွက် တောင့်နေတဲ့လုပ်ငန်းတွင်းလည်ပတ်ပုံ၊ လုပ်ငန်းတွင်းယဥ်ကျေးမှုတွေဟာ နည်းပညာရဲ့အဟုန်ကို အမှီလိုက်နိုင်ရန် ဦးဆောင်သူတွေအဖို့ အင်မတန်ရုန်းကန်ရဦးမှာပါ။ ဤနေရာမှာ သတိထားရမှာက Amazon သည် ၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ Amazon Prime  ကို ၂၀၀၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၁၇၅ သန်း အထိ ရှိပါတယ်။ ရှေ့တွင် ဖော်ပြထားသလို Amazon Prime နဲ့ ပုံစံတူတူဖြစ်တဲ့ Walmart Plus ကို Walmart က ဘယ်အချိန်စတင်မိတ်ဆက်ပါသလဲ??? စက်တင်ဘာလ၊ ၁၅ ရက်နေ့၊ ၂၀၂၀ ကျမှသာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Amazon Prime ထက် Walmart Plus ဟာ ၁၄ နှစ် နောက်ကောက်ကျကျန်နေခဲ့ပါတယ်။ Walmart က Amazon လို မလုပ်တတ်ခဲ့လို့လား? လုပ်ဖို့ ငွေမရှိခဲ့လို့လား? နည်းပညာ မရှိလို့လား? တစ်ခုမှ မဟုတ်ပါဘူး။ ငွေက နှစ်စဥ် အဟန့်အတားမရှိဝင်နေလေတော့ မလိုအပ်ဘူးလို့ သုံးသပ်ခဲ့ဟန် တူပါတယ်။ လုပ်ငန်းကဏ္ဍထဲမှာ လှုပ်ခါခံလိုက်ရတဲ့အချိန်ကျမှ ပြာပြာသလဲ ဖြစ်ကုန်ကြတာပါ။ ရေစီးကြောင်းပြောင်းနေချိန်မှာ ရေစီးကြောင်းကို အထင်မသေးပါနဲ့။ လိုအပ်တဲ့ အချိန်မှာသာ ကုန်းရုန်းထလုပ်မယ်ဆိုရင်တော့ Walmart လိုပဲ သင် ဆယ်စုနှစ်တစ်ခု နောက်ကောက်ကျနေနိုင်ပါတယ်။


၉၀ ခုနှစ်များမှ မြန်မာနိုင်ငံတွင်း အသေးစားလုပ်ငန်းတစ်ခု

မြန်မာနိုင်ငံတွင်းမှာဆိုရင်တော့ လက်လီလောကမှာ ရေစီးကြောင်းအရွေ့တွေ တော်တော်များများမြင်ခဲ့ရပါတယ်။ နည်းပညာနှင့် ပတ်သက်၍ ထင်ရှားသော ဖြစ်စဥ်များ အသေးစိတ်မသိရှိသည့်အတွက် စာရေးသူ၏ ကိုယ်တွေ့အကြောင်းအရာလေးကိုသာ ဝေမျှပါရစေ။  စာရေးသူ၏ အဖိုးဖြစ်သူဟာ ၈၀ ခုနှစ်၊ ၉၀ ခုနှစ်များမှာ တစ်နိုင်တစ်ပိုင်စက်ရုံတည်ထောင်ကာ ကလေးဈေးကွက်ကို ဦးတည်တဲ့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပုံမှန်သမားရိုးကျ ထုတ်ပိုးမှု၊ သမားရိုးကျဖြန့်ချိရေးစနစ်များကိုသာ အသုံးပြုပြီး ရောင်းချခဲ့တာဟာ တော်တော်လေးကိုခရီးပေါက်ခဲ့ပြီး အောင်မြင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သို့သော် City Mart ကဲ့သို့ Supermarket များ စတင်ပေါ်ပေါက်တဲ့ အရွေ့တစ်ခုမှာ အဖိုးဟာ လုပ်ငန်းကို ထိုအရွေ့များနှင့် လိုက်လံစီးမျှောဖို့ရာ ကြိုးစားခဲ့သော်လည်း ကျပ်သားစနစ်မှ ဂရမ်စနစ်ပြောင်းရမည့်ကိစ္စရပ်ကြုံသောအခါ လုပ်ငန်းတွင်း လုပ်ငန်းစဥ်အား ပြောင်းလဲရန်အတွက် အခက်အခဲဖြစ်ခဲ့သောကြောင့် City Mart ကဲ့သို့သော Supermarket များကို နောက်ထပ်ဆိုင်တစ်ခု၊ နောက်ထပ်ဖြန့်ချိရေးကိုယ်စားလှယ်တစ်ခု လို့သာ ယူဆခဲ့ပုံပေါ်ပြီး လုပ်ငန်း၏ ကျပ်သားသုံးစနစ်ကို ဂရမ်စနစ်သို့ မပြောင်းလဲခဲ့ပါဘူး။ (စာကြွင်း – ယခု အကြောင်းအရာသည် ထိုစဥ်အခါက ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်ပါသည်။ ဆောင်းပါးတွင်ပါဝင်သော လုပ်ငန်းများ၏ ယခုလက်ရှိ ဖွဲ့စည်းပုံများနှင့် လုပ်ငန်းလည်ပတ်ပုံများမှာ ကွာဟချက်ရှိနိုင်ပါသည်။) စာရေးသူ၏ အဖိုး ကဲ့သို့ Supermarket revolution ကို ယာယီအဖြစ်သာ မြင်ခဲ့ကြသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင်းမှ အသေးစားလုပ်ငန်းရှင်များလည်း နည်းမည်မဟုတ်ပါ။ ထိုကဲ့သို့ အခွင့်အရေးကို အသုံးမချခဲ့မိသည့် လုပ်ငန်းရှင်များလည်း အားမလိုအားမရ စိတ် အခုချိန်အထိ အနည်းငယ်ကျန်နေဦးမယ်လို့ ထင်ပါသည်။ ထိုအချိန်က City Mart ကဲ့သို့ Supermarket များတွင် နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများသာ များသည့်အပေါ် သုံးသပ်ကြည့်လျှင် အရှေ့ကဖော်ပြသော အချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။ လုပ်ငန်းရှင်များသည် Supermarket revolution အား အရှိန်အဟုန်ကောင်းလိမ့်မည်ဟု မထင်ခဲ့ကြသည်မှာ ထင်ရှားလှသည်။ နှစ်ပေါင်းကြာရှည်စွာရပ်တည်လာသော မြန်မာနိုင်ငံဖွားလုပ်ငန်းများလည်း ယခုအခါတွင် လုပ်ငန်းအား ပြန်လည်သုံးသပ်မျှော်မြင်တွေးဆနေကြရသည်။ ယခု ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းသည်လည်း Supermarket revolution နှင့် အသွင်သဏ္ဍာန်တူသော ရေစီးကြောင်းအရွေ့တစ်ခုဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါသည်။


ကိုဗစ်-၁၉ ကနေ အထွက် ဘာတွေကျန်ခဲ့မလဲ? 

McKinsey က ၂၀၂၀ ခုနှစ် ကိုဗစ် ပြင်းထန်ချိန်များအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာတော့ ကိုဗစ်-၁၉ ကနေ ပြန်လည်ပြီး ရုန်းထွက်ပြီးသော်လည်း ၎င်းကြောင့် ကျန်ရှိခဲ့မည့် စားသုံးသူအရွေ့များကို ဖော်ပြထားပါသည်။ ၎င်းစစ်တမ်းကို အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဖော်ပြထားသော အရွေ့များသည် မြန်မာနိုင်ငံတွင်း စားသုံးသူအရွေ့နှင့်လည်း ဆင်တူနေသည့်အတွက် မှီငြမ်းတင်ပြလိုက်ရပါသည်။ ဖော်ပြထားသော စားသုံးသူအရွေ့များမှာ 

  • ဒီဂျစ်တယ်ဈေးဝယ်ခြင်းသည် ဆက်လက်တည်ရှိနေဦးမည်။ ကိုဗစ်မဖြစ်ခင်ထက် အနည်းဆုံး ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ စားသုံးသူများဟာ အွန်လိုင်းမှတစ်ဆင့် ဈေးဆက်လက်ဝယ်နေကြဦးမည်ဖြစ်သည်။

  • Millennials များ နှင့် ဝင်‌‌ငွေမြင့်မားသူများသည် အွန်လိုင်းမှ ဈေးဝယ်သူများတွင် အများဆုံးဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် ပြင်းထန်သောကာလများတွင် လုပ်ငန်းရှင်များ အနေဖြင့် ဤအရာကို သတိထားမိလောက်မည်ဟု ယူဆပါသည်။ အဓိကအားဖြင့် ဝင်ငွေမြင့်မားသော မိသားစု အများစုမှာ အိမ်အတွက် ဟင်းချက်စရာများ ဝယ်ယူခြင်းကို အွန်လိုင်းမှ တစ်ဆင့် လုပ်ဆောင်ခဲ့ကြသည်ကို အများဆုံးတွေ့ခဲ့ရသည်။ ထိုသို့ ဝယ်ယူခြင်း behaviour သည် ဆက်လက်၍ ကျန်ရှိခဲ့နိုင်သည်။ Millennials များကတော့ အွန်လိုင်းမှ ဈေးဝယ်ခြင်းတွင် ဦးဆောင်နေသည်မှာ အဆန်းတော့မဟုတ်ပေ။



အခြား အရွေ့များကတော့ ယခုဆောင်းပါးနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဆက်စပ်မှုမရှိသည့်အတွက် ဆက်လက်မဖော်ပြတော့ပါ။ အသေးစိတ်ဖတ်ရှုလိုပါက The great consumer shift တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။


ကိုဗစ်အလွန်တွင်လည်း စားသုံးသူများအနေဖြင့် ဒီဂျစ်တယ် အား ပုံမှန်ထက် ပို၍ မြန်မြန်ဆန်ဆန် ရင်းနှီးသွားသလို ပုံမှန်ထက်လည်း ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လာကြပြီဖြစ်သည်။ အဆိုးအထဲမှ အကောင်းလို့ ဆိုရမည့် ထို အချက််များမှာ လုပ်ငန်းရှင်များအသုံးချသင့်သော အခွင့်အရေးပင်ဖြစ်ပါသည်။


အထက်တွင် စာရေးသူ ဥပမာပေးထားသည့်အတိုင်း လုပ်ငန်းအကြီးအသေး မည်သည့် အမျိုးအစားမဆို ခေတ်၏ ပြောင်းလဲလာသော ရေစီးကြောင်းအား လိုက်လံစီးမျောနိုင်ရန် လွန်စွာအရေးကြီးပါသည်။ ရေစီးကြောင်းများအတိုင်း လိုက်လံစီးမျော၍ မိမိကိုယ်ကို အစဥ်အမြဲ လိုက်ဖက်အောင် ပြင်ဆင်နေကြရမည်ဖြစ်သည်။ ထိုမှသာ အချိန်၏ တိုက်စားမှုကို ကြံ့ကြံ့ခံနိုင်လိမ့်မည်ဖြစ်သည်။ 


ထို့ကြောင့် ဘယ်အချိန်မှာ လုပ်ငန်းကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို စတင်လုပ်ဆောင်ရမလဲလို့ မေးပါက စာရေးသူအနေဖြင့်ကတော့ “ယခုချက်ချင်း စလုပ်ပါ။” လို့ တိုက်တွန်းရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းရန်အတွက် ဘယ်အချိန်က အမှန်ဆုံးအချိန်လဲ?

Author: SMEHub Asia

December 1, 2021

bottom of page