top of page


ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည့် စိတ်ကူးအယူအဆကို အထင်အမြင်လွဲမှားကြသည်မှာ အတော်အတန် အဖြစ်များတတ်ကြသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာပြဿနာမဟုတ်ပါ။ စစချင်းကြည့်လိုက်ရင်‌တော့ နည်းပညာအရစွမ်းဆောင်နိုင်မှု အဖြစ် မြင်တတ်သည်။ သို့သော် အသေးစိတ် ထဲထဲဝင်ဝင် နှစ်ဝင် လေ့လာကြည့်ပါက နည်းပညာ၏ အခန်းကဏ္ဍသည် အရေးပါသော်လည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် အရေးကြီးဆုံးသော ကဏ္ဍတစ်ခုမဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာအရ စွမ်းဆောင်နိုင်မှု တစ်ခုသာ မဟုတ်ပဲ ၎င်းထက် ပို၍ နက်နဲကျယ်ပြန့်သည်ကို စာဖတ်သူတို့ကို သတိပြုစေချင်ပါသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်သည် နည်းပညာ နှင့် တိုက်ရိုက်မသက်ဆိုင်ပဲ သင်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုံးနှင့်ဆိုင်သောကိစ္စရပ်တစ်ခုဖြစ်တယ်ဆိုတာကို နားလည်ထားရမှာပဲဖြစ်ပါတယ်။


ကုန်ထုတ်လုပ်မှုစက်ပစ္စည်းအသစ်တစ်ခု၊ သို့မဟုတ် မီးဖိုချောင်သုံးစက်ပစ္စည်းအသစ်တစ်ခု သို့မဟုတ် ဝန်ထမ်းအသစ်တစ်ယောက် ဆိုတာနဲ့ မဆိုင်ပါ။ – သင့် လုပ်ငန်းခွင်သို့  ယူဆောင်လာသော မည်သည့် အသစ်အဆန်းတစ်ခုခုမဆို သင့်လုပ်ငန်းအလုပ်လုပ်ပုံကို တိုက်ရိုက်သက်ရောက်မှုများရှိနေမှာပဲဖြစ်ပါတယ်။ အသစ်အဆန်းများသည် လူများ၏အပြုအမူကို အနည်းငယ်သော်လည်းကောင်း အရှိန်အဟုန်ပြင်းပြင်းထန်ထန်သော်လည်းကောင်း ပြောင်းလဲစေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် အသစ်အဆန်းတစ်ခုကြောင့် လုပ်ငန်းတွင်းရှိလူများ ‌ရှော့ခ်ရသွားနိုင်သည့်အတွက် အခရာကျသော လုပ်ငန်းလည်ပတ်မှုလုပ်ငန်းစဥ်များကိုလည်း ချဥ်းကပ်ပုံ ပုံစံအသစ်တစ်ခုဖြင့် ချဥ်းကပ်ရန်လိုအပ်သည်ကို တွေ့မြင်နိုင်သည်။


ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့်ပတ်သက်၍ ပြောရလျှင် အရာအားလုံးကို ပို၍မြန်အောင်၊ ပို၍လွယ်ကူအောင် ပြုလုပ်ပေးသော သစ်လွင်တောက်ပပြီး လန်ပြန်ထွက်နေသော ဆော့ဖ်ဝဲလ်အသစ်ကိုသာလျှင် ပြောနေသည်မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းတိုင်း၏ ပင်မကျောရိုးဖြစ်သော လုပ်ငန်းယဥ်ကျေးမှုအား အရေးပါသော ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက်ကိုလည်း ပြောနေခြင်းဖြစ်သည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည်မှာ ကောင်းမွန်သော်လည်း အိုဟောင်းနေသော အတွေးအခေါ်ကို သစ်လွင်သည့် ဒီဂျစ်တယ် အတွေးအခေါ် သို့ ပြောင်းလဲရသည့် လုပ်ငန်းစဥ်ဖြစ်သည်။ သင်၏ IT team တစ်ခုတည်းသာပါဝင်သည့် ကိစ္စရပ်မဟုတ်ပဲ သင့်လုပ်ငန်းနှင့် ဆက်စပ်နေသော လူများအားလုံးပါဝင်သည့် လုပ်ငန်းစဥ်ဖြစ်သည်။ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းသည် လုပ်ငန်း၏ စိတ်ဝိညာဥ်ဖြစ်သော လုပ်ငန်းယဥ်ကျေးမှုကို ပြောင်းလဲရုံသာမက သင့် ဝန်ထမ်းများအလုပ်လုပ်ပုံ၊ risk နှင့် အပြောင်းအလဲအား သင် ချဥ်းကပ်ပုံ နှင့် အရေးကြီးဆုံးကတော့ သင့်လုပ်ငန်း၏ စားသုံးသူ အတွေ့အကြုံ စတာတွေကို အသွင်ပြောင်းလဲပေးသွားမှာပဲဖြစ်ပါတယ်။ သို့သော် သင် အပါအဝင် လုပ်ငန်းတွင်းရှိလူများအနေဖြင့် အပြောင်းအလဲအပေါ် မှန်ကန်သော အတွေးအမြင် ရှိမနေသည့်အပြင် လက်ရှိ လုပ်ငန်းတွင်း အလေ့အကျင့်များက ချို့ယွင်းချက်များရှိနေပါက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဥ်သည် ၎င်းတို့ကို ပို၍ ချဲ့ထွင်ကာ မြင်သွားစေရုံမျှသာဖြစ်နေလိမ့်မည်။ ခရီးပေါက်မည်မဟုတ်ပါ။

လုပ်ငန်းရှင်များကို ပြောပြချင်တာကတော့ မည်သည့် နည်းပညာအား အသုံးပြုမည်၊ မည်ကဲ့သို့ အသုံးပြုမည်၊ ဘယ် ဆော့ဖ်ဝဲလ်ရေးသည့် အေဂျင်စီကို အသုံးပြုမည် စသည်တို့ကို အရင်စဥ်းစားသည်ထက် အောက်ပါအချက်အလက်များကို စဥ်းစားပါ။


  1. ဘယ်အရာမှာမျှ ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်ရသေးခင်မှာ သင်၏ စီးပွားရေး မဟာဗျူဟာကို အရင်စဥ်းစားပါ။ မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ?” ဆိုသည့်ဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ လုပ်ငန်းတွင်း စွမ်းဆောင်ရည်ကို နည်းပညာအသုံးပြု၍ မြှင့်တင်လိုသည့် လုပ်ငန်းရှင်များ၊ ခေါင်းဆောင်များ အနေဖြင့် များသောအားဖြင့် အသုံးပြုလိုသော နည်းပညာကို အရင်စဥ်းစားတတ်ကြသည်။ အမှန်တကယ်ကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို သက်ဆိုင်မှုရှိသော စီးပွားရေးမဟာဗျူဟာကသာ လမ်းညွှန်းမောင်းနှင်ပေးသွားရမှာပဲဖြစ်ပါတယ်။

  2. အတွင်းထဲရှိလူများကို အသုံးပြုပါ။ အသွင်ကူးပြောင်းခြင်းအား ပြုလုပ်နေသော လုပ်ငန်းများသည် များသောအားဖြင့် အပြင်မှ “အကြံပေး” ဆိုသူများကို တပ်ရင်းတစ်ရင်းလောက်ခေါ်လာပြီး အကြံယူတတ်ကြသည်။ ထို့နောက် ထိုလူများမှ “အကောင်းဆုံး အလေ့အကျင့်များ” ဆိုကာ ခြေထောက်အရွယ်အစားပေါင်းစုံကို ဖိနပ်တစ်ရံတည်းဖြင့် အတင်းဝတ်ခိုင်းတာနှင့် ဆင်တူသည့် ဖြေရှင်းချက်များကိုဖော်ဆောင်သွားလေ့ရှိသည်။ သင့် လုပ်ငန်းထဲရှိ အမှန်တကယ် မြေပြင်တွင် အလုပ်လုပ်ဆောင်နေသူများသည် မည်သည်က အလုပ်ဖြစ်သည်၊ မည်သည်က အလုပ်မဖြစ်နိုင်ကို ပို၍ အသိပညာရှိပါသည်။ ထို့ကြောင့် ၎င်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းစဥ်များနှင့် ကိုက်ညီမှု အရှိဆုံးဖြစ်ပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာ တစ်ခုလုံး နှင့် ချုံငုံသည့် နည်းပညာများရွေးချယ်ရာတွင် ၎င်းတို့ကို ရှေ့တန်းတင်ကာ အသုံးပြုသင့်သည်။

  3. စားသုံးသူအတွေ့အကြုံကို အပြင်မှ အထဲသို့ ဒီဇိုင်းတည်ဆောက်ပါ။ လုပ်ငန်းအများစုသည် မိမိ လုပ်ငန်းလည်ပတ်မှုပုံစံ၊ မိမိ အသုံးပြုသော နည်းပညာအပေါ်တွင်သာ မူတည်၍ စားသုံးသူအတွေ့အကြုံကို တည်ဆောက်လေ့ရှိကြသည်။ ထိုအခါ လုပ်ငန်း၏ ပေးစွမ်းသည့် အတွေ့အကြုံသည် စားသုံးသူများ လိုချင်သည့် ပုံစံနှင့် လုံးဝ ကွဲထွက်နေတတ်သည်။ မေးခွန်းတစ်ခုက သင် လုပ်ငန်းက ကုန်ပစ္စည်းများကို အွန်လိုင်းမှ ရောင်းမည်ဟု သင်ဆုံးဖြတ်ပြီးချိန်၊ စတင်လုပ်‌ဆောင်ချိန်မှ စ၍ အွန်လိုင်းဝန်ဆောင်မှု လည်ပတ်သည်အထိ စားသုံးသူအတွေ့အကြုံနှင့် ပတ်သက်၍ သင့် ဖောက်သည် ဘယ်နှယောက်နဲ့ သင်စကားပြောပြီးပါပြီလဲ?

  4. ဝန်ထမ်းများ၏ အစားထိုးခံရမည်ဟုထင်မြင်သည့်ကြောက်ရွံ့မှုကို အသိအမှတ်ပြုပါ။ အကယ်၍ ဝန်ထမ်းများက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ၎င်းတို့အလုပ်အကိုင်အား ခြိမ်းခြောက်နေသည်ဟု ထင်မြင်ယူဆပါက သိစိတ်ဖြင့်သော်လည်းကောင်း မသိစိတ်ဖြင့်သော်လည်းကောင်း အပြောင်းအလဲကို တွန်းလှန်လေ့ရှိကြသည်။ ခေါင်းဆောင်များအနေဖြင့် ထို အကြောက်တရားကို အသိအမှတ်ပြုပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဥ်သည် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ပေးခြင်းဖြစ်ပြီး အနာဂတ်တွင်လည်း ၎င်းတို့အတွက် အသုံးဝင်မည်ဖြစ်သည်ကို နားချရန် အရေးကြီးသည်။

  5. Start-up ယဥ်ကျေးမှုကို ယူဆောင်ကျင့်သုံးပါ။ Start-up များသည် ပေါ့ပါးသွက်လက် လျင်မြန်စွာ ဆုံးဖြတ်ချက်များ လုပ်ဆောင်ခြင်း၊ မြန်မြန်ဆန်ဆန် ထုတ်ကုန်နမူနာထုတ်ခြင်း နှင့် အထက်အောက်မရှိသောအဖွဲ့အစည်းဖွဲ့စည်းမှုပုံစံ (အထက်အောက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင်သာရှိပြီး ရာထူးအပေါ်မမူတည်သော အဖွဲ့အစည်း ဖွဲ့စည်းမှုပုံစံ) များ အသုံးပြုခြင်းဖြင့် လူသိများကြသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ်သည်လည်း မသေချာမှုများ များပြားပြီး အပြောင်းအလဲများကိုလည်း ယာယီလုပ်ဆောင်ပြီး နောက်တစ်ဖန် ပြန်လည် ညှိယူပြောင်းလဲရသည်များလည်းရှိသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များကို အလျင်အမြန်ချမှတ်နိုင်ရန်လိုအပ်သည်။ သမားရိုးကျ အထက်အောက် ဆုံးဖြတ်ချသည့် အဖွဲ့အစည်း ဖွဲ့စည်းပုံသည် သင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို နှောင့်နှေးကြန့်ကြာစေသည့်အပြင် ထိရောက်မှုလည်း အားနည်းစေမှာပဲဖြစ်ပါတယ်။


ခရီးပေါက်သော ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းများကို လေ့လာကြည့်လိုက်လျှင် ၎င်းလုပ်ငန်းများရှိ ခေါင်းဆောင်များသည် မည်သည့် နည်းပညာ အသုံးပြုရမည်၊ ဘယ်လိုအသုံးပြုရမည်ကို မရွေးချယ်ခင်တွင် လုပ်ငန်းတွင်းရှိလူများ၏ အတွေးအမြင် နှင့် အဖွဲ့အစည်းယဥ်ကျေးမှုကို ရှေးဦးစွာ ပြောင်းလဲရန် အာရုံစိုက်ကြသည်ကို တွေ့ရသည်။ လုပ်ငန်းတွင်းရှိလူများမှ လုပ်ငန်းအား အနာဂတ်တွင် မြင်တွေ့ချင်သည့်ပုံစံ အပေါ်မူတည်၍ နည်းပညာကို အသုံးပြုကြသည်။ နည်းပညာမှစတင်သည့် ပြောင်းပြန်ပုံစံမဟုတ်ပါ။

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စရပ်မဟုတ်ပါ။

Author: SMEHub Asia

December 1, 2021

bottom of page