top of page

start-ups နှင့် MSMEs များအတွက် ဆိုက်ဘာလုံခြုံရေး အသိပညာပေးမှုနှင့် သင်တန်းများကို ဘာကြောင့်လိုအပ်သလဲ။

SMEHub Asia

December 15, 2021




ဖောက်သည်များ ပိုမိုများပြားခြင်း၊ အစုရှယ်ယာများ ပိုမိုများပြားခြင်း တို့ကြောင့် ကြီးမားသောစီးပွားရေးလုပ်ငန်းများသည် Start-up လုပ်ငန်းရှင်များ၊အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများထက် ဆိုက်ဘာလုံခြုံရေးသင်တန်းနှင့် အသိပညာပေးမှုကို လိုအပ်သည် ဟု မှတ်ယူနိုင်သည်။ သို့သော် ကြီးမားသောစီးပွားရေးလုပ်ငန်းများအတွက်သာ ဆိုက်ဘာခြိမ်းခြောက်မှုသည် စိုးရိမ်စရာကိစ္စဖြစ်သည်ဟု မကြာခဏ ယူဆကြပါသည်။ ဒါက လုံးဝမမှန်ပါဘူး။


Start-up လုပ်ငန်းရှင်များ၊ အသေးစား ၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည်လည်း  ကြီးမားသောကော်ပိုရေးရှင်းကဲ့သို့ပင် ဆိုက်ဘာခြိမ်းခြောက်မှုဒဏ်ကို ခံရနိုင်ပါသည်။ 

ဤဖြစ်စဉ်ကို လေ့လာကြည့်ပါက – ပိုကြီးသောလုပ်ငန်းတစ်ခုသည် တန်ဖိုးကြီးသောအချက်အလက်များကို ကာကွယ်ရန်၊ ဝန်ထမ်းများကို ဆိုက်ဘာလုံခြုံရေး လေ့ကျင့်သင်ကြားပေးရန်နှင့် သတင်းအချက်အလက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို လုံခြုံစေရန်အတွက် ဖြေရှင်းချက်များအား အကောင်အထည်ဖော်ရန် အသိပညာများနှင့် အရင်းအမြစ်များ ပိုမိုရှိပါသည်။


အခြားတစ်ဖက်တွင်မူ Start-up လုပ်ငန်းရှင်များ၊အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အသိပညာနှင့် အသုံးစရိတ်အကန့်အသတ်ရှိကြပြီး ဆိုက်ဘာလုံခြုံရေးအတွက် အသုံးစရိတ်ကို ပြဿနာတစ်ခု သို့မဟုတ် အပိုကုန်ကျစရိတ်ဟု စဉ်းစားလေ့ရှိကြသည်။ 

ဤကဲ့သို့သတ်မှတ်ခြင်းကြောင်း ၎င်းတို့ကို လွယ်ကူသောပစ်မှတ်များဟု ဆိုက်ဘာရာဇဝတ်ပြုလုပ်သူများက သတ်မှတ်ကာ ငွေကြေးအမြတ်အစွန်းများရရှိနိုင်ရန် တိုက်ခိုက်လေ့ရှိပါသည်။ 

အောက်ဖော်ပြပါ အားနည်းချက်များကြောင့်လည်း Start-up လုပ်ငန်းရှင်များ၊အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဆိုက်ဘာရာဇဝတ်ပြုလုပ်သူများက အလွယ်တကူ တိုက်ခိုက်မှု ပြုလုပ်လေ့ရှိပါသည်။


  • ဆိုက်ဘာလုံခြုံရေး၊ကာကွယ်ရေးအတွက် ကျွမ်းကျင်မှု၊ လေ့ကျင့်မှုနှင့် အသုံးစရိတ် အားနည်းမှု

  • သီးခြားဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများ ခန့်ထားရန် သီးသန့် လစာငွေ သုံးစွဲနိုင်မှု မရှိခြင်း။

  • လုပ်ငန်းအတွင်းရှိ ဝန်ထမ်းများ၏ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော အသိပညာ အားနည်းမှု။

  • ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစဉ်များ ချမှတ်ထားသော်လည်း အချိန်နှင့် တပြေးညီ အဆင့်မြှင့်တင်နိုင်မှု မရှိခြင်း။

  • ဆိုက်ဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ အားနည်းခြင်း။

  • လုပ်ငန်းအတွင်း အသုံးပြုသည့် ဒီဂျစ်တယ်စက်ပစ္စည်းများ၊ အင်တာနက်အသုံးပြုမှုနှင့် အချက်အလက်ထိန်းသိမ်းမှုများ တွင် ဆိုက်ဘာလုံခြုံရေးဆောင်ရွက် ထားမှု မရှိခြင်း။


ဤအချက်များကို သိရှိပြီးပါက သင့်လုပ်ငန်းအတွက် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ယခုပင် ဆောင်ရွက်သင့်သည့် အကြောင်းအရင်း ၁၀ ခု ကို ဖော်ပြပေးသွားပါမည်။


၁) သင့်လုပ်ငန်းတွင် ရှိသောအချက်အလက်များသည် တန်ဖိုးဖြတ်၍မရပါ။


Start-up လုပ်ငန်းရှင်များ၊အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ကြီးမားသောကော်ပိုရေးရှင်းများကဲ့သို့ ခိုးယူခံရနိုင်ချေမြင့်မားသည့် အချက်အလက်များ မရှိသော်လည်း ဝန်ထမ်းများနှင့် ဖောက်သည်များ၏ အချက်အလက်များ ရှိပါသည်။ ဟက်ကာများသည် လူမှုဖူလုံရေးနံပါတ်များ၊ ဘဏ်လုပ်ငန်းအသေးစိတ်အချက်အလက်များ၊ ကိုယ်ရေးကိုယ်တာ နှင့် ငွေကြေးအချက်အလက်များကို ရယူရန် စိတ်ဝင်စားကြပြီး အသေးစားလုပ်ငန်းများသည် ၎င်းတို့အတွက် လွယ်ကူသောပစ်မှတ်များပင် ဖြစ်သည်။ ရာဇ၀တ်ကောင်များသည် အကြွေးဝယ်ကတ် သို့မဟုတ် ဘဏ်လုပ်ငန်းဆိုင်ရာ အထောက်အထားများ လိုအပ်သောကြောင့် ဤအချက်အလက်များကို တတ်နိုင်သမျှ အကာအကွယ် ပြုလုပ်ထားရန် လိုအပ်ပါသည်။


၂) ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုသည် သင့် Start-up လုပ်ငန်းကို ပျက်စီးစေနိုင်ပါသည်။


Start-up နှင့် အသစ်တည်ထောင်သော လုပ်ငန်းများသည် မခိုင်ခံသေးသောကြောင့် ပျက်စီးလွယ်သည်။ လုပ်ငန်းအောင်မြင်ရန်နှင့် ဖောက်သည်များ ယုံကြည်စိတ်ချနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် အားကောင်းလာစေရန်အတွက် အရာများစွာကို ထည့်သွင်းစဉ်းစားပြီး စွန့်စားရမှုများကို တွက်ချက်ရန် လိုအပ်ပါသည်။ အကယ်၍ သင့်အဖွဲ့အစည်းသည် တည်ထောင်နေစဉ် ကာလအတွင်း အချက်အလက်ချိုးဖောက်ခိုးယူခံရပါက ကြီးမားသောဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်စေနိုင်သည့်အပြင် ဘဏ္ဍာရေးဆိုင်ရာ ကြီးမားသော ထိုးနှက်ချက်လည်း ဖြစ်လာနိုင်ပါသည်။


၃) ဆိုက်ဘာရာဇဝတ်ပြုလုပ်သူများသည် လွယ်ကူသော ပစ်မှတ်များကို အမြဲရှာဖွေနေပါသည်။


ဆိုက်ဘာရာဇဝတ်ပြုလုပ်သူများသည် အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် အခွင့်အလမ်းများကို အစဉ်အမြဲ မရပ်မနား ရှာဖွေနေပါသည်။ 

လုပ်ငန်းငယ်များနှင့် Start-up များသည် အရေအတွက်များသောကြောင့် တိုက်ခိုက်သူများအတွက် ငွေကြေးဆိုင်ရာ အကျိုးအမြတ်ရရှိရန် ကြီးမားသော စျေးကွက်တစ်ခုအဖြစ် တည်ရှိနေသည်။

ကော်ပိုရေးရှင်းကြီးများသည် ၎င်းတို့၏ လုံခြုံရေးစနစ်ကို မြှင့်တင်ရန်နှင့် ဟက်ကာများကို တားဆီးရန် စွမ်းရည်ရှိသောကြောင့် သေးငယ်ပြီး ပိုမိုလွယ်ကူသော ပစ်မှတ်များကို ဆိုက်ဘာရာဇဝတ်ပြုလုပ်သူများက ပိုမိုအာရုံစိုက်လာကြပါသည်။


၄) ဆိုင်ဘာလုံခြုံရေး လုပ်ငန်းစဉ်များကို မလိုက်နာပါက ပိုမိုအကုန်အကျများမည် ဖြစ်သည်။


အချက်အလက်ချိုးဖောက်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများသည် ကမ္ဘာနှင့်အဝှမ်း ပိုမိုတင်းကြပ်လာသည်နှင့်အမျှ သင်၏လုပ်ငန်းအရွယ်စား မည်မျှပင်သေးငယ်စေကာမူ ဤစည်းမျဉ်းစည်းကမ်းများကို ရှောင်လွှဲ၍မရပါ။ ဆိုက်ဘာလုံခြုံရေးအလေ့အကျင့်များကို မလိုက်နာခြင်း၏ ကုန်ကျစရိတ်ထက် အချက်အလက်ချိုးဖောက်မှုများအတွက် ပြန်လည်အသုံးပြုရသည့် ကုန်ကျစရိတ်က ပိုများနိုင်ပါသည်။ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစဉ်များ လိုက်နာမှုအတွက် အများအားဖြင့်ကုန်ကျစရိတ်သည် ဝန်ထမ်းတစ်ဦးအတွက် ကုန်ကျငွေ မျှသာဖြစ်သော်လည်း မလိုက်နာပါက အချက်အလက်ချိုးဖောက်မှု ကုန်ကျစရိတ်၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကုန်ကျစရိတ်များနှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တို့ကို ကျခံရမည်ဖြစ်သည်။ ကြီးမားသောကော်ပိုရေးရှင်းများကဲ့သို့ပင် Start-up နှင့် အသေးစားစီးပွားရေးလုပ်ငန်းများသည် ဆိုက်ဘာရာဇ၀တ်မှုအဖြစ် တိုက်ခိုက်ခံရနိုင်သည့် နည်းပညာများ၊ လုပ်ငန်းစဉ်များနှင့် လူများနှင့် တွဲဖက် လုပ်ကိုင်နေသည်ကို သတိမူရမည် ဖြစ်သည်။ ထို့ကြောင့် အသေးစားလုပ်ငန်းများသည် အချက်အလက်လုံခြုံရေးစည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ဟု မမှတ်ယူထားသင့်ပါ။


၅) စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းအရွယ်အစားကြီးမားရန်အတွက် ဝန်ထမ်းများကို ဆွဲဆောင်ရန် နှင့် ထိန်းသိမ်းထားရန် လိုအပ်သည်။


ယခုအခါတွင် ကျွမ်းကျင်ပညာရှင်များနှင့် အသိပညာတိုးတက်သော ဝန်ထမ်းများသည် မိမိတို့၏ အွန်လိုင်းကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး၏ အရေးပါမှုကို နားလည်လာပြီဖြစ်သည်။ သင့်လုပ်ငန်းကို စိတ်ဝင်စားသော သို့မဟုတ် ခန့်အပ်ထားသော ဝန်ထမ်းတစ်ဦးသည် လုပ်ငန်းခွင်သည် မလုံခြုံကြောင်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အန္တရာယ်ဖြစ်စေကြောင်း တွေ့ရှိပါက သင့်လုပ်ငန်း၏ လုံခြုံရေးလုပ်ငန်းစဉ်များကို သဘောကျနှစ်သက်လိမ့်မည် မဟုတ်ပါ။ ဤအချက်သည် ဆိုက်ဘာလုံခြုံရေးစံနှုန်းများနှင့် အသိပညာပေးမှုကို အကောင်အထည်ဖော်ရန် လုံလောက်သောအကြောင်းပြချက်မဟုတ်ဟု ထင်ရသော်လည်း အရည်အချင်းကောင်းများကို ဆွဲဆောင်ရန်ခက်ခဲနေပြီဖြစ်သော startup များအတွက်မူ စိုးရိမ်စရာဖြစ်နိုင်ပါသည်။


၆) ဆောင်ရွက်နေသည့် လုပ်ငန်းများ ရပ်တန့်နေခြင်းသည် အသေးစားစီးပွားရေးလုပ်ငန်းများကို ပျက်စီးစေနိုင်သည်။


အချက်အလက် ချိုးဖောက်မှုတစ်ခုတွင် ဟက်ကာများသည် အများအားဖြင့် DDoS တိုက်ခိုက်မှု သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် အရေးကြီးသော ကွန်ရက်ချိတ်ဆက်မှုများနှင့် ဝဘ်ဆိုက်များကို ဖျက်စီးလေ့ရှိသည်။ ပိုကြီးသော ဆာဗာများသည် ထိုကဲ့သို့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေရန် ထုတ်လုပ်ထားသည့်အတွက် ဤဖျက်စီးမှုကို အလွယ်တကူကျော်ဖြတ်နိုင်သည်။ သို့သော် အသေးစားလုပ်ငန်းများတွင် ထိုဆာဗာကို အသုံးပြုနိုင်ခြင်းမရှိပါ။ များသောအားဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ကြုံတွေ့ရပါက အချက်အလက်များကို ပြန်လည်ရယူနိုင်ခြင်းမရှိဘဲ နောက်ဆုံးတွင် လုပ်ငန်းကို ပိတ်သိမ်းရသည်အထိ ဖြစ်နိုင်ပါသည်။ US National Cyber Security Alliance ၏ဖော်ပြချက်အရ ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် အချက်အလက်ချိုးဖောက်မှု တွေ့ကြုံရပြီးနောက် အသေးစားစီးပွားရေးလုပ်ငန်း ၆၀% သည် ပိတ်သိမ်းသွားခဲ့ရသည်။


၇) လုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များသည် သင်နှင့်အလုပ်လုပ်ရန် တုံ့ဆိုင်းမှု ဖြစ်နိုင်သည်။


Start-up တစ်ခုသည် ဘေးကင်းသော ဆိုက်ဘာလုံခြုံရေး အလေ့အကျင့်များကို မလိုက်နာပါက ပြင်ပအဖွဲ့အစည်းများနှင့် ဖောက်သည်များက သတိပြုမိပြီး သင်နှင့် စီးပွားရေးလုပ်ဆောင်ရာတွင် တုံ့ဆိုင်းမှု ဖြစ်ပေါ်နိုင်သည်။ အလားအလာရှိသော ပါတနာတစ်ဦးသည် သူ၏လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများအပေါ်  အန္တရာယ်ဖြစ်စေနိုင်သည့် အဖွဲ့အစည်းနှင့် မည်သည့်အခါမျှ လက်တွဲလိုမည်မဟုတ်ပါ။ သူ၏ အချက်အလက်လုံခြုံရေးအတွက် သင့်ကို တာဝန်ရှိသူအနေဖြင့် မှတ်ယူထားလေ့ရှိပါသည်။ 


၈) ဆိုက်ဘာလုံခြုံရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းသည် ကုန်ထုတ်စွမ်းအားကို အာမခံနိုင်သည်။


ဂုဏ်သိက္ခာပိုင်းနှင့် ငွေကြေးဆိုင်ရာ ထိခိုက်မှုများအပြင် အချက်အလက်ချိုးဖောက်မှုဖြစ်စဉ်များသည် လုပ်ငန်းခွင်အတွင်း ကုန်ထုတ်စွမ်းအားကို ထိခိုက်စေနိုင်သည်။ ဝန်ထမ်းများသည် ကွန်ရက်ချိတ်ဆက်မှုများနှင့် အလုပ်ဖိုင်များကို မဝင်ရောက်နိုင်သည့် အခါ သက်ဆိုင်ရာအလုပ်များကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ Start-up များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများသည် ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်မှုမှ အချက်အလက်များပြန်လည်ရယူရန် ကြိုးပမ်းနေရချိန်တွင် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများကို လျစ်လျူရှုထားရမည်ဖြစ်သည်။  ပြိုင်ဆိုင်မှုပြင်းထန်သောစျေးကွက်တွင် ထိန်းသိမ်းထားရမည့် ကုန်ထုတ်စွမ်းအား ပမာဏကို လျော့ကျစေနိုင်သည်။ ဤအရာကိုရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ ဆိုက်ဘာလုံခြုံရေး အကောင်းဆုံးအလေ့အကျင့်များကို ချမှတ်ထားရန် နှင့် တိုက်ခိုက်မှုများအတွက် တိကျသော ကြိုတင်စီမံချက် ပြုလုပ်ထားခြင်းဖြင့် အချက်အလက်ချိုးဖောက်ခံရမှုကို တားဆီးနိုင်သည်။


၉) လုပ်ငန်းအတွင်း အသုံးပြုနေသော Cloud ဝန်ဆောင်မှုများသည်လည်း လုံခြုံရန် လိုအပ်ပါသည်။


ယနေ့ခေတ်  Start-up များနှင့် လုပ်ငန်းငယ်အများစုသည် လုပ်ငန်းအတွက် အသုံးဝင်မှုနှင့် ငွေကြေးကန့်သတ်ချက်များကြောင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းမရှိသော cloud ဝန်ဆောင်မှုများကို မှီခိုနေရပါသည်။ ဤအချက်သည် လုပ်ငန်းကြီးမားလာသည်နှင့် အမျှ အားနည်းချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဟက်ကာများသည် ခိုင်မာသော ဝှက်စာစနစ်နည်းပညာကို အသုံးမပြုသော cloud ဝန်ဆောင်မှုများကို အလွယ်တကူ အသုံးချနိုင်ပြီး cloud ပေါ်တွင်ရှိသည့် လုပ်ငန်းငယ်များ၏ အချက်အလက်များကို ချိုးဖောက်ခိုးယူမှု ပြုလုပ်လာကြသည်။ ဤအားနည်းချက်ကို နားလည်ထားရန် လိုအပ်ပြီး cloud မှတစ်ဆင့် လုပ်ဆောင်နေသော လုပ်ငန်းများ၏ လုံခြုံရေးကို သေချာစေရန် အကောင်းဆုံးကာကွယ်မှု ပြုလုပ်ထားရမည် ဖြစ်သည်။


၁၀) တရားစွဲမှုများနှင့် ဥပဒေဆိုင်ရာ တာဝန်များကို တားဆီးနိုင်သည်။


ဝန်ထမ်းတစ်ဦးသည် လုပ်ငန်းခွင်အတွင်း တားမြစ်ထားသော အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခြင်းကြောင့် အဖွဲ့အစည်းတစ်ခုမှ တရားစွဲခြင်းခံရသည့် အဖြစ်အပျက်များကို ကြားဖူးပါသလား။ ဆိုက်ဘာလုံခြုံရေး လုပ်ငန်းစဉ်ချမှတ်ထားခြင်းဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း မသင့်လျော်သော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ ထောက်လှမ်းပြီး တားဆီးရန် ကူညီပေးနိုင်ပါသည်။ထို့အပြင် ဆိုက်ဘာလုံခြုံရေးအလေ့အကျင့်များမရှိသဖြင့် အချက်အလက်ချိုးဖောက်ခံရမှုတစ်ခု ဖြစ်ပေါ်လာချိန်တွင် သုံးစွဲသူများ သို့မဟုတ် ပေးသွင်းသူများက သင့်ကို တရားရေးဆိုင်ရာ တာဝန်ယူခိုင်းခြင်းများကိုလည်း တားဆီးပေးနိုင်မည် ဖြစ်သည်။


အကျဉ်းချုပ်ဆိုရသော် – 


ဆိုက်ဘာခြိမ်းခြောက်မှုများသည် အဆနှုန်းတစ်ခုဖြင့် ဆက်လက်တိုးလာနေပြီး Start-up လုပ်ငန်းရှင်များ၊အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ဘဏ္ဍာရေး၊ အချက်အလက်၊ ကုန်ထုတ်စွမ်းအား၊ ဖောက်သည်ဆက်ဆံရေးနှင့် အရောင်းလုပ်ငန်းစဉ်များတွင် ဆုံးရှုံးနိုင်ခြေများပါသည်။ မည်သည့်အဖွဲ့အစည်းမဆို အဓိကပစ်မှတ်ဖြစ်လာနိုင်သောကြောင့် လုပ်ငန်းနည်းပညာများ၊ သတင်းအချက်အလက်နှင့် လုပ်ငန်းစဉ်များကို ကာကွယ်ရန်အတွက် အရေးကြီးသောခြေလှမ်းများအားလုံးကို လုပ်ဆောင်ရန် အရေးကြီးပါသည်။ လုပ်ငန်းငယ်များအနေဖြင့် လုံခြုံရေးကျွမ်းကျင်သူများကို ငှားရမ်းခြင်း သို့မဟုတ် ပြီးပြည့်စုံသောစျေးနှုန်းမြင့်သည့် လုံခြုံရေးဖြေရှင်းချက်များတွင် ရင်းနှီးမြှုပ်နှံရန် မတတ်နိုင်သော်လည်း  ရေရှည်အောင်မြင်မှု ရရှိစေရန်အတွက် VPN ကဲ့သို့သော တတ်နိုင်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပြီး ဆိုက်ဘာလုံခြုံရေး အလေ့အကျင့်များနှင့် ဝန်ထမ်းများအတွက် သင်တန်းများကို ပြုလုပ်ပေးနိုင်ပါသည်။

bottom of page